သံတိုသံစတွေနဲ့ မီးသတ်စက်ရုပ် တီထွင်တဲ့ ဂါဇာ အင်ဂျင်နီယာများ

သံတိုသံစတွေနဲ့ မီးသတ်စက်ရုပ် တီထွင်တဲ့ ဂါဇာ အင်ဂျင်နီယာများ

ပါလက်စတိုင်းနယ်မြေ ဂါဇာစီးတီးမှ အင်ဂျင်နီယာတွေဟာ မော်တော်ကားပစ္စည်း အစိတ်အပိုင်းတွေနဲ့ အခြား အကြွင်းအကျန် သံတိုသံစတွေကို သုံးပြီး စက်ရုပ်တစ်ရုပ်ကို တီထွင်ဖန်တီးခဲ့ပြီး ၎င်းတို့ဟာ အဆိုပါ စက်ရုပ်ကို မီးငြှိမ်းသတ်ဖို့နဲ့ စစ်ပွဲရဲ့ အန္တရာယ်ရှိ အကြွင်းအကျန်တွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် ၎င်းတို့အနေနဲ့ ကုန်ကြမ်းပစ္စည်း ရှားပါးမှုနဲ့ ရင်ဆိုင်ထားခဲ့ရချိန် ခုလိုမျိုး သံတိုသံစတွေသုံးပြီး မီးသတ်စက်ရုပ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

“ဒီ အဆင့်မြင့် စက်ရုပ်ကို မဖန်တီးခင် ကျွန်‌တော်တို့ဟာ အရွယ်အစား သေးပြီး ရိုးရှင်းတဲ့ စက်ရုပ်တွေ စတင် ဖန်တီးခဲ့ပါတယ်၊ ခု ဒီစက်ရုပ်ကတော့ လုပ်ငန်းဆောင်တာ အတော်များများကို လုပ်နိုင်ပါတယ်၊ သူ့မှာ ရှေ့ဘက် လက်တံတစ်ခု ပါ ပါတယ်၊ နောက်ပြီး မီးသတ်ပိုက်တစ်ခုနဲ့ အဝေးထိန်းစနစ်နဲ့ သုံးတဲ့ လက်တံတစ်ခုလည်း ပါ ပါတယ်၊ ဒီစက်ရုပ်က လေးလံတဲ့ အရာ၀တ္ထုတွေကို သယ်နိုင်သလို မသင်္ကာဖွယ် ပစ္စည်းတွေကိုလည်း ကိုင်တွယ်နိုင်ပါတယ်” လို့ စက်ရုပ်တီထွင်မှုလုပ်ငန်းမှာ ပါဝင်ခဲ့သူ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ အာမက်ဒ် မော့ခ်ဘဲလ်က ပြောပါတယ်။

“ကမ်းမြှောင်ဒေသကို ပိတ်ဆို့ထားမှု၊ ကုန်ကြမ်းနဲ့ ငွေကြေးထောက်ပံ့မှု ရှားပါးမှု၊ အကန့်အသတ်ရှိ လုပ်နိုင်စွမ်း စတာတွေ‌ကြောင့် ဂါဇာကမ်းမြှောင်မှာ ဒီစက်ရုပ်ဖန်တီးမှုလုပ်ငန်းမှာ အခက်အခဲ အတော်များများနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

“စက်ရုပ် ဖန်တီးရာမှာ အသုံးပြုထားတဲ့ အစိတ်အပိုင်း ပစ္စည်းအများစုက အခြားစက်ပစ္စည်းတွေနဲ့ ကားတွေကနေ ရတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ စိန်ခေါ်မှုကို ဆက်ရင်ဆိုင်သွားမှာပါ၊ ဒီစက်ရုပ်က ပြောရရင် ပြည်တွင်း အစိတ်အပိုင်းတွေနဲ့ပဲ လုပ်ထားတာပါ” လို့ ၎င်းက ပြောပါတယ်။

“ဒီစက်ရုပ်က တန်ကြေးအားဖြင့် ဒေါ်လာ ရှစ်ထောင်နဲ့ တစ်သောင်းအကြား ရှိပါတယ်၊ ဒါက အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အခြားစက်ရုပ်တွေ ကုန်ကျမယ့် ပမာဏနဲ့ ယှဥ်ရင် အတော်လေး တန်ဖိုးနည်းပါတယ်၊ အဲဒီ အခြားစက်ရုပ်တွေဆိုရင် ဒေါ်လာ သိန်းချီလောက် ကုန်ကျပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ မဖြစ်နိုင်ဘူးဆိုတာတွေကို ရင်ဆိုင်ကျော်လွှားထားခဲ့သလို အကန့်အသတ်ရှိ လုပ်နိုင်စွမ်းတွေနဲ့အတူ ဒီစက်ရုပ်ကို ဖန်တီးထားနိုင်ခဲ့တာပါ” လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly