မြို့အသီးသီးမှ PDF အင်အားစု ၁၂ စု တော်လှန်ရေးမဟာမိတ်များအဖြစ်ပူးပေါင်

မြို့အသီးသီးမှ PDF အင်အားစု ၁၂ စု တော်လှန်ရေးမဟာမိတ်များအဖြစ်ပူးပေါင်

တော်လှန်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်မြန်ဆန်‌စေရန် ရန်ကုန်နှင့် မန္တလေးမြို့အပါအ၀င် မြို့အသီးသီးမှ အင်အားစု ၁၂ စု သည် တော်လှန်ရေးမဟာမိတ်များအဖြစ် ယနေ့ ဩဂုတ်၂၈ ရက်တွင် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မန္တ‌လေးတော်လှန်ရေးအဖွဲ့အစည်းတစ်ခုထံက သိရသည်။ 

"‌တော်လှန်ရေးကို ပိုပြီးအရှိန်အဟုန်ပြင်းပြင်းနဲ့ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့မဟာမိတ်အဖြစ် ဒီနေ့ဖွဲ့လိုက်တာပါ" ဟု တော်လှန်ရေး မဟာမိတ်တွင် ပါ၀င်သည့် အဖွဲ့အစည်းတခု၏ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ 

အဆိုပါ အဖွဲ့ ၁၂ ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်အုပ်စု ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းစဉ်များကို ပြည်သူများနှင့် လက်တွဲပြီး စစ်မှန်သောတရားမျှတမှု ရရှိသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

ယင်း ၁၂ ဖွဲ့မှာ မန္တလေးတိုင်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(MDY-PDF)၊ ရန်ကုန်တိုင်း မြေအောက်တော်လှန်ရေးအဖွဲ့အစည်း ၁၄ ဖွဲ့ က ဖွဲ့စည်းထားသည့်တပ်ပေါင်းစု Yangon Urban Guerrillas(YUG)၊ People's Defense Force -ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ Yangon Federal Army (YFA)၊ မြင်းခြံခရိုင်မှ ဇီးရိုးပြောက်ကြားတပ်ဖွဲ့ Zero Nine (PDF-MGN)၊ နှလုံးလှလူမိုက်ကြီးများ‌ပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)၊ 27 Revolution Forces (MGN)အဖွဲ့၊ ကချင်ပြည်နယ်မှ ရွှေကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ShweGu)၊ မကွေးတိုင်း‌မှ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ စစ်ကိုင်းတိုင်းမှ ကောလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLPDF)၊ ကျောက်ဆည်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF)၊ မန္တလေးတိုင်းမှ Mandalay Special Task Force (MSTF) တို့ဖြစ်ကြသည်။ 

ယင်းအင်အားစု ၁၂ စု အနေဖြင့် ပြည်သူများဒုက္ခကင်းလွတ်ရန် လက်နက်အားကိုး၍ အကြမ်းဖက်‌နေသည့် နိုင်ငံ့သစ္စာဖောက် စစ်တပ်နှင့် ၄င်းတို့၏ အစေအပါး အပေါင်းအပါများအား စောလျင်စွာ ဖယ်ရှားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly