အိန္ဒိယမှ ကက်ရှ်မီးယား လွတ်လပ်ရေးအတွက် တာလီဘန်များက ပါကစ္စတန်ကို ကူညီလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပါတီ၏ ခေါင်းဆောင် ပြောကြား

By India Blooms News Service
27 August 2021
အိန္ဒိယမှ ကက်ရှ်မီးယား လွတ်လပ်ရေးအတွက် တာလီဘန်များက ပါကစ္စတန်ကို ကူညီလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပါတီ၏ ခေါင်းဆောင် ပြောကြား

တာလီဘန်များက အာဖဂန်နစ္စတန်မှာအာဏာသိမ်းပြီးရက်အနည်းငယ်အကြာတွင် ပါကစ္စတန်အာဏာရပါတီ Pakistan Tehreek-e-Insaf (PTI) ၏ ခေါင်းဆောင်တစ်ဦးက ကက်ရှ်မီးယားအရေးအတွက် တာလီဘန်များ၏ အကူအညီကို ပါကစ္စတန်က ရယူမည်ဟု တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ပွင့်ပွင့် လင်းလင်းပြောကြားခဲ့သည်။

PTI ခေါင်းဆောင် နီးလမ်းရှိတ်ချ်က တာလီဘန်များသည် ကက်ရှ်မီးယားတွင် ပါကစ္စတန်နှင့် လက်တွဲမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ANI က သတင်းဖော်ပြခဲ့သည်။

ပါကစ္စတန်က တာလီဘန်များအား အရေးကြီးသော လေကြောင်းအထောက်အပံ့များပေးခဲ့သည်ဟု အာဖဂန်နစ္စတန်၏ ယခင်အရပ်သားအစိုးရက စွပ်စွဲခဲ့သော်လည်း ပါကစ္စတန်က ထပ်ကာတလဲလဲ ငြင်းဆန်ခဲ့သည်။

"တာလီဘန်တွေက ကျွန်တော်တို့နဲ့ အတူရှိနေတယ်လို့ ပြောနေပြီး သူတို့က ကက်ရှ်မီးယားလွတ်မြောက်ဖို့ ကျွန်တော်တို့ကို ကူညီပါလိမ့်မယ်" ဟုရုပ်မြင်သံကြားအစီအစဉ်တွင်ရှိတ်ချ်က ပြောကြားခဲ့သည်။

ပါကစ္စတန်သတင်းထောက်တစ်ဦးနှင့် အမေရိကန်သံအမတ်ဟောင်း ဟူစိန်ဟာကွာနီက တွစ်တာတွင် ယင်းဗီဒီယိုအကြောင်း ပြန်လည်ရေးသားချက်သည့် အွန်လိုင်းပေါ်ရောက်ရှိလာပြီးနောက် ANI သတင်းဌာမှ ပြန်လည်ဖော်ပြခဲ့သည်။

တာလီဘန်များက ကက်ရှ်မီးယားသည် အိန္ဒိယ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း အစောပိုင်းကတည်းက ပြောကြားထားသည်။

လက်ရှိတွင် တာလီဘန်များသည် ခေတ်မီပြီးဆင်ခြင်တုံတရားရှိသောသူများအဖြစ် ပုံဖော်ရန် ကြိုးစားနေပြီး အာဖဂန်နစ္စတန်ရှိ အိန္ဒိယသံရုံးအားမရုပ်သိမ်းရန် အိန္ဒိယအစိုးရထံသို့စာများပေးပို့ခဲ့သည်ဟု မီဒီယာများက ဆိုသည်။

သို့သော်လည်း ရှိတ်ချ်က ကက်ရှ်မီယားအရေးတွင် တာလီဘန်များ၏ အထောက်အပံ့ကို ရယူမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly