ဦးနိုင်ငံလင်း ဇနီးအပါအဝင် ၁၂ ဦး ကို CDM နှင့် PDF များအား ထောက်ပံ့‌နေသည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

ဦးနိုင်ငံလင်း ဇနီးအပါအဝင် ၁၂ ဦး ကို CDM နှင့် PDF များအား ထောက်ပံ့‌နေသည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်
ဓာတ်ပုံ - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူ

ဩဂုတ်လ ၂၇ ရက်၊

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏  ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်း နှင့်  NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအဝင်  ၁၂ ဦးကို  CDM ဝန်ထမ်းများနှင့် PDF များကို ရိက္ခာ၊ ငွေကြေးများ ထောက်ပံ့ကူညီမှုဖြင့် ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးဌာနမှ ဩဂုတ် ၂၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

ဦးနိုင်ငံလင်းဇနီးအပါအဝင် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသည့် ဒေါ်ခင်မြတ်သူ၊ ဒေါ်နီနီမေမြင့်နှင့် ဆက်စပ်သူများကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားခြင်း ဖြစ်သည်။ 

ဒေါ်ခင်စန္ဒာဝင်းသည် မင်္ဂလာဒုံ PDF အဖွဲ့ထံ ဆန်ရိက္ခာများ ထောက်ပံ့ခဲ့သည့်အတွက် အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် လှိုင်မြစ်လမ်းရှိ အင်းစိန်အကျဉ်းထောင်အနီးတွင် ဩဂုတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

ဒေါ်ခင်စန္ဒာဝင်း ဖမ်းဆီးခံရစဉ် အတူပါလာသည့် အသက် ကိုးနှစ်အရွယ် သားငယ်၏  မျက်နှာကိုအဝတ်ဖြင့် စည်းပြီး ဩဂုတ် ၂၅ ရက် ညပိုင်းတွင်  အာဏာသိမ်းစစ်ကောင်စီက မိသားစုဝင်များထံ ပြန်လာပို့ခဲ့သည်။ 

NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူသည် CDM ဝန်ထမ်းများအား ထောက်ပံ့ကူညီရေးအဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအဖြစ် ဆောင်ရွက်နေသည်ဟုဆိုကာ ဩဂုတ် ၂၁ ရက်တွင် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

ဒေါ်နီနီမေမြင့်ကိုမူ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် မေလ ၁၂ ရက်ကပင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ၎င်းသည် မေလကစတင်ကာ  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  ယမန်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးနောက် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးကာ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ပြည်သူအများအပြားကို ဖမ်းဆီးထိန်းသိမ်းပြီး ပုဒ်မတပ် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required