ပါကစ္စတန်က အကြမ်းဖက်အုပ်စုများအား ထောက်ပံ့နေခြင်းအပေါ် အိန္ဒိယ ပြစ်တင်ရှုတ်ချ

ပါကစ္စတန်က အကြမ်းဖက်အုပ်စုများအား ထောက်ပံ့နေခြင်းအပေါ် အိန္ဒိယ ပြစ်တင်ရှုတ်ချ

အာဖဂန်နစ္စတန်ကို အကြမ်းဖက်အခြေစိုက်စခန်းအဖြစ် အသုံးချလာနိုင်မည့်အလားအလာနှင့် ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာပြီး တာလီဘန်များ၏ အာဖဂန်ကို သိမ်းပိုက်ခြင်းကြောင့် နိုင်ငံတော်က ထောက်ပံ့ထားသည့် ပါကစ္စတန်အခြေစိုက် LeTနှင့် JeMစစ်သွေးကြွအဖွဲ့များ အပါအဝင်ဒေသတွင်းတွင် အကြမ်းဖက်အုပ်စုများက ပိုမိုရဲတင်းလာစဉ် အာဖဂန်တွင် လုံခြုံရေးအခြေအနေများ လျင်မြန်စွာဆိုးရွား လာနေကြောင်း အိန္ဒိယက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သြဂုတ်လ ၁၉ရက်ကပြောကြားခဲ့သည်။

အကြမ်းဖက်လုပ်ရပ်ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီညီလာခံ၏ ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာက ပြဿနာများကို ရွေးမကြည့် သင့်ကြောင်း၊ အာဖဂန်နစ္စတန်၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ အိန္ဒိယ၏ စိုးရိမ်မှုများနှင့် ယင်း၏ နယ်နိမိတ်များကိုဖြတ်၍ ပုံးအောင်းနေပြီး အကြမ်းဖက်လှုပ်ရှားမှုများပြုလုပ်နေမှုများကို ဆက်လက်တိုက်ဖျက် နေကြောင်း အလေးထားပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်မှုကို လုံးဝသည်းမခံသည့် မူဝါဒအတွက် အိန္ဒိယ၏ တောင်းဆိုချက်ကို ထောက်ခံခဲ့ကြပြီး၊ အလွန်ခိုင်မာ၊ ခိုင်လုံပြီး၊ ရှေ့သို့မျှော်မှန်းနိုင်သည့် ထုတ်ပြန် ချက်တွင် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုကို တင်းကြပ်စွာ စစ်ဆေးပြီး

အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်သူများကို တရားစွဲဆိုနိုင်ရေး ဟူသည့် အဓိက စိုးရိမ်စရာအချက်များကို အလေးထားဖော်ပြခဲ့သည်ဟု တရားဝင်သတင်းရင်းမြစ်များက ဆိုသည်။

“ အာဖဂန်နစ္စတန်မှာဖြစ်ဖြစ်၊ အိန္ဒိယမှာဖြစ်ဖြစ်၊ Lashkar-e-Taibaနဲ့ Jaish-e-Muhammedတို့လိုအဖွဲ့တွေက အရေးယူမခံရတော့ အားပေးမှုထောက်ခံမှုတွေနဲ့ ဆက်လက်လှုပ်ရှားနေပါတယ်။ ဒါကြောင့် ဒီကောင်စီဝင်တွေ အနေနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရွေးချယ်ပြီး ကိုယ်မြင်ချင်တဲ့အတိုင်း မမြင်ကြ စေချင်ပါဘူး” ဟု ဂျိုင်းရှန်ကာက ဆိုသည်။

“ အကြမ်းဖက်သမားတွေအတွက် ပုန်ခိုးစရာနေတွေပေးပြီး သူတို့ရဲ့ အရင်းအမြစ်တွေကို အားပေးနေတာကို လျစ်လျူမရှုသင့်ပါဘူး။ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေ သူတို့ စွန်းသွားရအောင် နိုင်ငံတွေက အကြမ်းဖက်မှုကို ထောက်ခံနေတာ မြင်နေသလို ဒီလိုစကားနှစ်ခွပြောတက်တဲ့လူမျိုးတွေကို ထုတ်ဖော်ပြောဆိုဖို့ သတ္တိမနည်းသင့်ပါဘူး”

“ကူးစက်ရောဂါ ဆိုးဆိုးရွားရွားတိုက်ခိုက်မှုအကြောင်း အကျဉ်းချုပ်တင်ပြချက်တွေကို ကျွန်တော်တို့ ကြားရပါတယ်။ ကိုဗစ်ဆိုးတယ်ဆိုတာက အကြမ်းဖက်ဝါဒကို မမီသေးပါဘူး။ ကျွန်တော်အားလုံး မလုံခြုံမချင်း ဘယ်သူမှမလုံခြုံပါဘူး” ဟု သူက ဆက်ပြောသည်။

အချို့နိုင်ငံများက အကြမ်းဖက်ဝါဒကို တိုက်ဖျက်မည်ဟူသော စုပေါင်းသန္နိဌာန်ကို ဖောက်ဖျက်ခဲ့သည်ဟု သူကဆိုသည်။

ပါကစ္စတန်ကို တိုက်ရိုက်မပြောကြားခဲ့သော်လည်း အကြမ်းဖက် အဖွဲ့စည်း အမျိုးမျိုးဖြစ်သည့် ISIL၊ al-Qaeda၊ LeT၊ JeM၊ Haqqani Network နှင့်ယင်းတို့၏ ရှေ့တန်းအဖွဲ့ အစည်းအသီးသီးတို့သည် အရေးယူမခံရမှု၊ ထောက်ခံအားပေးမှုနှင့် နိုင်ငံတော်က ထောက်ပံ့ပေးမှုကြောင့် အင်အားကြီးထွားလာပြီး အခြေခံစိုက်စခန်းအသစ်များရရှိလာမည်ကို စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အလေးအနက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly