အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယားတွင် နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးကို အကြမ်းဖက်သမားများက ပစ်သတ်

အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယားတွင် နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးကို အကြမ်းဖက်သမားများက ပစ်သတ်

အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ ကူလ်ဂမ် အရပ်ဒေသတွင် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Apni ပါတီ ခေါင်းဆောင်ကို အကြမ်းဖက်သမားများက သြဂုတ် ၁၉ ရက်က ပစ်သတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ ပါတီခေါင်းဆောင် ဂူလမ် ဟက်ဆန် လုန်းကို ၎င်း၏ ဇာတိ ဒက်ဗ်ဆာမြို့ ဧရိယာတွင် အစွန်းရောက်များက ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ၎င်းကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့သော်လည်း ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး အသေအချာ စဥ်းစားကိုင်တွယ်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ တူညီသော အရပ်ဒေသတွင်ပင် BJP ခေါင်းဆောင် ဂျဗိဒ် အာမက်ဒ် ဒါးကို အကြမ်းဖက်သမားများက ပစ်သတ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ယခုဖြစ်စဥ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုမတိုင်မီက လက်ရှ်ကာ အီ တိုင်ဘာ အကြမ်းဖက်သမားနှစ်ဦးသည် သြဂုတ် ၉ ရက်က အေနန့်နက်ဂ် ဒေသရှိ BJP ပါတီ၏ ကျေးရွာခေါင်းဆောင်တစ်ဦး၏ နေအိမ်ကို စီးနင်းဝင်‌ရောက်ပြီး ၎င်းနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို သတ်ဖြတ်ခဲ့သည်။

Apni ပါတီအကြီးအကဲ ဂူလမ် ဟက်ဆန် လုန်း လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဥ်အပေါ် ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပြည်သူ့ဒီမိုကရက်တစ်ပါတီ (PDP) ၊ ဂျမူးနှင့် ကက်ရှ်မီးယား နေရှင်နယ် ကွန်းဖရင့် ပါတီ (JKNC) နှင့် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်သူ့ကွန်ဖရင့် ပါတီအပါအ၀င် အဓိက နိုင်ငံရေးပါတီများက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ကက်ရှ်မီးယားမှာ နိုင်ငံရေးအရ သတ်ဖြတ်မှုတွေကို စိတ်လွတ်လက်လွတ်ပြုမူတာတွေ အဆုံးမသတ်နိုင်ဘဲ ဖြစ်နေမယ့် ပုံပေါ်နေပါတယ်၊ အပနီ ပါတီခေါင်းဆောင် ဂူလမ် ဟက်ဆန် လုန်းကို လုပ်ကြံသတ်ဖြတ်မှုအပေါ် ပွင့်ပွင့်လင်းလင်း ရှုတ်ချပါတယ်၊ သူ့မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းမိပါတယ်” ဟု PDP ပါတီအကြီးအကဲ မက်ဘူဘာ မူဖတီက တွစ်တာကနေ ပြောသည်။

စစ်သွေးကြွများက အဓိက နိုင်ငံရေးခေါင်းဆောင်များအပေါ် ပစ်မှတ်ထားနေသည့် “ပြန်လည် ပေါ်ပေါက်လာသည့် လားရာ” က “အလွန် စိုးရိမ်စရာ ကောင်းနေသည်” ဟု နေရှင်နယ် ကွန်းဖရင့်ပါတီ ဒုဥက္ကဋ္ဌ အိုမာ အဗ္ဘဒူလာက ပြောသည်။

“ကက်ရှ်မီးယား တောင်ပိုင်း ဒက်ဗ်ဆာ ဧရိယာမှာ ဂူလမ် ဟက်ဆန် လုန်း လုပ်ကြံခံရမှုကို ကြားရတာ အင်မတန် ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်၊ စစ်သွေးကြွအဖွဲ့တွေက အဓိက နိုင်ငံရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားနေတဲ့ “တစ်ဖန် ပြန် ပေါ်ပေါက်လာတဲ့ လားရာ” က “အင်မတန် စိုးရိမ်စရာ ကောင်းနေပါတယ်၊ ကျွန်တော်တို့ အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်” ဟု အဗ္ဘဒူလာက တွစ်တာတွင် ရေးခဲ့သည်။

“အပါနီ ပါတီ ခေါင်းဆောင် ဂူလမ် ဟက်ဆန် လုန်းကို လုပ်ကြံသတ်ဖြတ်မှုအပေါ် အပြင်းအထန် ရှုတ်ချပါတယ်၊ အဓိက ခေါင်းဆောင်တွေကို မကြာသေးခင်ကာလအတွင်း တိုက်ခိုက်မှုတွေက အင်မတန် စိုးရိမ်စရာ ကောင်းပါတယ်၊ အကြမ်းဖက်မှုက လူတွေကို နာကျင်မှုဝေဒနာတွေပဲ ပေးပါတယ်၊ ဒီလိုမျိုး သတ်ဖြတ်မှုမျိုးတွေကြောင့် မုဆိုးမ၊ မုဆိုးဖိုဘဝ ရောက်ရှိကြရတာတွေ၊ မိဘမဲ့ကလေးတွေဖြစ်သွားရတာမျိုးတွေကိုပဲ ဖြစ်စေပါတယ်၊ ဒီလို စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တွေ ရပ်စဲရပါလိမ့်မယ်” ဟု ပြည်သူ့ကွန်းဖရင့်ပါတီ ဥက္ကဋ္ဌ ဆာဂျက် ဂါနီ လုန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly