အိန္ဒိယတောင်ပိုင်းမှ နှစ် ၅၀၀ သက်တမ်းရှိသော ဆူဖီမွတ်စလင် သူတော်စင် ဂူဗိမာန်ကို ဘာသာရေးညီညွတ်မှု အထိမ်းအမှတ်နေရာအဖြစ် ဖွင့်လှစ်ထား

အိန္ဒိယတောင်ပိုင်းမှ နှစ် ၅၀၀ သက်တမ်းရှိသော ဆူဖီမွတ်စလင် သူတော်စင် ဂူဗိမာန်ကို ဘာသာရေးညီညွတ်မှု အထိမ်းအမှတ်နေရာအဖြစ် ဖွင့်လှစ်ထား

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်ရှိ ဟိုက်ဒရာဘတ်မြို့တော်တွင် နှစ် ၅၀၀ သက်တမ်းရှိ ဟာဇရတ်ဆီယက်အာမတ်ဘာဒီပါ ဂူဗိမာန်အား ဘာသာရေးညီညွတ်မှု အထိမ်းအမှတ်နေရာအဖြစ် ဖွင့်လှစ်ထားသည်။

အဆိုပါ ဂူဗိမာန်သို့ နိုင်ငံအတွင်းရှိ နေရာဒေသအသီးသီးမှာ အခြားဘာသာဝင်များလည်း လာရောက်လည်ပတ်ကြ သည်။ ဟိုက်ဒရာဘတ်မြို့တွင် ဆူဖီ မွတ်စလင် သူတော်စင် ဆီယက်အာမတ်ဘာဒီပါ ကွယ်လွန်ပြီးနောက် ယင်း ဂူဗိမာန်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဆီယက်အာမတ်ဘာဒီပါ၏ မျိုးဆက်တစ်ဦးဖြစ်သူ မိုဟာမက်မာဇာရူဒင်က “ဒီ ဂူဗိမာန်ဟာ သမိုင်းကြောင်းအရ အရေးပါသလို ဆီယက်အာမတ်ဘာဒီပါနဲ့ ပတ်သက်လို့ ကြီးမားတဲ့ သမိုင်းနောက်ခံရှိပါတယ်။ အေဒီ ၁၂၉၆ နဲ့ ၁၃၁၆ အကြားမှာ သူဟာ အိန္ဒိယမြောက်ပို်ငးကနေ တီလန်ဂါနာ ပြည်နယ်ကို ပြောင်းရွှေ့လာခဲ့တယ်” ဟု ပြောကြားသည်။

“သူ့ရဲ့ ဝတ်ပြုမှုနဲ့ ခက်ခဲဆန်းကြယ်တဲ့ ကျင့်ကြံမှုတွေကြောင့် အလ္လာရဲ့ ချီးမွမ်းမှုနဲ့ ကောင်းကင်မှာ ပျံနိုင်ခဲ့တယ်။ ဒါ့ကြောင့် သူ့ကို ဘာဒီပါဘွဲ့တော် အပ်နှင်းခဲ့တယ်။ သူဟာ ဒေလီက ဟာဇရတ် နီဇာမူဒင်အူလီယာရဲ့ တပည့်တစ်ဦးလည်း ဖြစ်ပါတယ်။ အနောက်ဖက်ခြမ်းက ဂူဗိမာန်နေရာမှာ အလျား ၇ ဒသမ ၅ ပေနဲ့ အနံ ၃ ပေရှိတဲ့ သန့်စင်ထားတဲ့ ကျောက်တုံး တစ်တုံးရှိပါတယ်။ သူဟာ ဒီကျောက်တုံးပေါ်မှာထိုင်ပြီး တရားကျင့်ခဲ့တယ်လို့ သိရတယ်” ဟု မိုဟာမက်မာဇာရူဒင်က ပြောကြားသည်။

ငယ်စဉ်ကပင် အဆိုပါ ဂူဗိမာန်သို့ လာရောက်လေ့ရှိသည့် ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်သူ ရာရှစ်အလီက “ဒီဂူဗိမာန်ကို အရမ်းယုံကြည်ပါတယ်။ ကောင်းမွန်တဲ့ ဆန္ဒတွေနဲ့ ဒီနေရာကို လာတဲ့သူတွေက ဘယ်တော့မှ လက်ဗလာနဲ့ မပြန်ရဘူး” ဟု ပြောကြားသည်။

“အခြားဘာသာက ကိုးကွယ်ယုံကြည်သူတွေလည်း ဒီဂူဗိမာန်ကို လာကြတယ်” ဟု လာရောက် ကြည်ညိုသူတစ်ဦးဖြစ်သည် ဆီယက်မိုဟာမက် ဂျက်ဖာဟူစိန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly