သကြားဈေးတက်မှုကြောင့် အစိုးရ၏ ပံ့ပိုးမှုမလိုဘဲ အိန္ဒိယက သကြားတန်ချိန် ၆ သန်း ပြည်ပသို့ တင်ပို့နိုင်မည်

သကြားဈေးတက်မှုကြောင့် အစိုးရ၏ ပံ့ပိုးမှုမလိုဘဲ အိန္ဒိယက သကြားတန်ချိန် ၆ သန်း ပြည်ပသို့ တင်ပို့နိုင်မည်

အောက်တိုဘာလတွင် စတင်မည့် ရာသီသစ်တွင် အိန္ဒိယက သကြားတန်ချိန် ၆ သန်း အစိုးရ၏ ထောက်ပံ့ငွေမပါဘဲ တင်ပို့နိုင်မည်ဖြစ်ပြီး ၄နှစ်ခွဲအတွင်း သကြားဈေး အမြင့်ဆုံးသို့ရောက်ရှိလာသဖြင့် ပြည်ပသို့ တင်ပို့မှုက အမြတ်အစွန်းပိုရစေမည်ဟု စက်မှုလုပ်ငန်းတာဝန်ရှိသူများက သြဂုတ်လ ၁၈ရက်တွင် ပြောကြားလိုက်သည်။

ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ရာသီသစ်တွင် သကြားစက်များအနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ပိုမိုရောင်းချ မည်ဖြစ်ခြင်းကြောင့် အိန္ဒိယအစိုးရက သကြားတင်ပို့မှု ထောက်ပံ့ကြေးများကို ရုတ်သိမ်းရန် မျှော်လင့်နေကြောင်း အစားအစာ၊ အစားအသောက်ဖြန့်ဖြူးမှုနှင့် စားသုံးသူရေးရာဝန်ကြီးဌာန၊ အကြီးတန်းအရာရှိက သြဂုတ်လ ၁၇ ရက်က ပြောကြားခဲ့သည်။

“ ထောက်ပံ့ကြေးမပေးရဘဲနဲ့ အိန္ဒိယက သကြားတန်ချိန် ၆ သန်းတင်ပို့နိုင်မှာဖြစ်ပြီး ဈေးကွက်မှာ တစ်ပေါင်ကို ဆင့် ၂၀ ကျော်နဲ့ ဈေးနှုန်းတည်ငြိမ်နေပါတယ်” ဟု အိန္ဒိယ အနောက်ပိုင်းသကြားစက်များအသင်းဥက္ကဌ ဘီဘီတွမ်ဘားက ပြောကြားခဲ့သည်။

နယူးယောက်ရှိ Benchmark သကြားကုန်ကြမ်းဈေးနှုန်းများသည် သြဂုတ်လ ၁၇ရက်က ၄နှစ်ခွဲအတွင်း အမြင့်ဆုံးဈေးနှုန်း တစ်ပေါင်လျင် ဒေါ်လာ ၂၀ ဒသမ ၃၇ ဆင့်သို့ ရောက်ရှိခဲ့သည်။ သြဂုတ်လ ၁၈ ရက်တွင် ၂၀ ဒဿမ ၁၇ ဆင့်ဖြင့် ဈေးတည်ငြိမ်ခဲ့သည်။

ကမ္ဘာ့သကြားဈေးမြင့်တက်မှုကို အခွင့်ကောင်းယူ၍ အိန္ဒိယသကြားစက်များသည် ၂၀၂၁-၂၂ ခုနှစ် ရာသီတွင် သကြားတန်ချိန် ၆ သန်းမှ ၇ သန်းအထိ တင်ပို့ရန် ရည်ရွယ်ချက်ထားရှိသင့်ကြောင်း သကြားထုတ်လုပ်သူများ ထံသို့ အစိုးရက လိပ်မူပေးပို့သော ရိုက်တာမှ တွေ့မြင်ခဲ့သော စာတစ်စောင်တွင် ဖော်ပြထားသည်။

ကမ္ဘာ့သကြားအများဆုံးတင်ပို့သူဖြစ်သော ဘရာဇီးတွင် မိုးခေါင်ခြင်းနှင့် ဆီးနှင်းများကြောင့် သကြားအနည်းငယ်သာ ထွက်ရှိမည်ဟု မျှော်မှန်းထားသဖြင့် ကမ္ဘာ့တွင် သကြားဒုတိယအများဆုံးတင်ပို့သော အိန္ဒိယမှ တင်ပို့မှုများကြောင့် ကမ္ဘာ့သကြားဈေးနှုန်းတက်မှုကို ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကာ အာရှနှင့် အာဖရိက သကြားတင်ပို့မှုကို တိုးလာစေမည်ဖြစ်သည်။

၂၀၂၁-၂၂ ခုနှစ်တွင် ဘရာဇီး၏ အလယ်ပိုင်းနှင့် တောင်ပိုင်း သကြားထုတ်လုပ်မှုသည် ဇွန်လခန့်မှန်းချက်အရ တန်ချိန် ၃၄ ဒသမ ၁ သန်းမှ ၃၂ ဒသမ ၅ သန်းအထိ ကျဆင်းလိမ့်မည်ဟု အစားအသောက်ကုမ္ပဏီ ဇာနီကူးက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly