အိန္ဒိယ၏ အွန်လိုင်းမှ စားသောက်ကုန် ပို့ဆောင်ပေးသည့် လုပ်ငန်း Zomato က ဒေါ်လာ သန်း ၁၀၀ တိုးချဲ့ ရင်းနှီးမြှုပ်နှံမည်

အိန္ဒိယ၏ အွန်လိုင်းမှ စားသောက်ကုန် ပို့ဆောင်ပေးသည့် လုပ်ငန်း Zomato က ဒေါ်လာ သန်း ၁၀၀ တိုးချဲ့ ရင်းနှီးမြှုပ်နှံမည်

စတော့ဈေးကွက်အစတွင် အခြေအနေတိုးတက်လာပြီး မကြာမီမှာပင် အိန္ဒိယနိုင်ငံ၏ အွန်လိုင်းမှ စားသောက်ကုန်ပစ္စည်း ပို့ဆောင်ပေးသည့်လုပ်ငန်း Zomato က အွန်လိုင်းမှ အထွေထွေကုန်ပစ္စည်း ပို့ဆောင်ပေးသည့် Grofers တွင် ရင်းနှီးမြှုပ်နှံမှုများထည့်ဝင်ကာ လုပ်ငန်းတိုးချဲ့ရန် ပြင်ဆင်လျှက်ရှိသည်။

Zomato က Grofers တွင် မြှုပ်နှံမည့် ဒေါ်လာ သန်း ၁၀၀ အနက် ဒေါ်လာ သန်း ၇၀ သည် Grofers India အတွက်ဖြစ်ပြီး ကျန်ဒေါ်လာ သန်း ၃၀ သည် ၎င်း၏ လက်ကားဖြန့်ချိရေးလုပ်ငန်း Hands On Traders အတွက် ဖြစ်ကြောင်း Financial Express သတင်းတွင် ဖော်ပြထားသည်။

ယခုရင်းနှီးမြှုပ်နှံမှုကြောင့် Zomato က Grofers India တွင် အစုရှယ်ယာ ၉ ဒသမ ၁၆ ရာခိုင်နှုန်းပါဝင်သွားပြီး Hands On Trades တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းပါဝင်မည်ဖြစ်သည်။ ကုမ္ပဏီ ၂ ခုအတွက် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယအစိုးရ လုပ်ငန်းယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင်က ဩဂုတ် ၁၃ ရက်တွင် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

Grofers သည် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဘီလျံကျော်ဖြင့် အောင်မြင်မှုရရှိနေသည့် လုပ်ငန်းတစ်ခုဖြစ်ကာ အိန္ဒိယနိုင်ငံ၏ လုပ်ငန်းသစ် ၂၁ ခုဖြင့် ယခုနှစ်အတွင်း ချိတ်ဆက်ထားသည်။

အွန်လိုင်းမှ ကုန်ပစ္စည်းမျိုးစုံ ပေးပို့ရောင်းချသည့် လုပ်ငန်းတိုးတက်ကောင်းမွန်လာနိုင်သည့် အခြေအနေ ကြောင့် Zomato အနေဖြင့် Grofers တွင် ဒေါ်လာ သန်း ၄၀၀ အထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အစိုးရ၏ သွားလာမှု ကန့်သတ်ချက်များကြောင့် အွန်လိုင်းမှ ကုန်မျိုးစုံ ရောင်းချသည့်လုပ်ငန်း တိုးတက်လာပြီး ယင်းစနစ်သည် မြို့ကြီးများတွင် ဆက်လက်ရှိကာ အခြားမြို့ငယ်များ တွင်လည်း ပေါ်ပေါက်လာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly