‘နက်ရှိုင်းတဲ့ အမြင်မတူများ’ ရှိပေမယ့် ရုရှနဲ့ ဂျာမနီဟာ ဆွေးနွေးပြောဆိုကြရမှာ ဖြစ်တယ်လို့ မာကဲလ် ပြော 

‘နက်ရှိုင်းတဲ့ အမြင်မတူများ’ ရှိပေမယ့် ရုရှနဲ့ ဂျာမနီဟာ ဆွေးနွေးပြောဆိုကြရမှာ ဖြစ်တယ်လို့ မာကဲလ် ပြော 
Photo - AFP

ဩဂုတ် ၂၁

ရုရှနဲ့ ဂျာမနီကြားမှာ ‘နက်ရှိုင်းတဲ့ အမြင်မတူမှုများ’ ရှိနေပေမယ့် ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်သွားရမှာပဲ ဖြစ်တယ်လို့ လာမယ့်လမှာ ခေါင်းဆောင်နေရာကနေ မဆင်းပေးရခင် ရုရှဆီ နောက်ဆုံး အလုပ်သဘော ခရီးစဉ် ရောက်ရှိတဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်က ရုရှသမ္မတ ဗလာဒီမာပူတင်ကို ပြောပါတယ်။ 

မာကဲလ်ရဲ့ အခု ရုရှခရီးစဉ်ဟာ လက်ရှိမှာ အကျဉ်းချခံထားရတဲ့ ရုရှ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်နီ အာရုံကြောဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့နဲ့ တစ်ထပ်တည်းကျနေတာလည်း ဖြစ်ပါတယ်။ အလက်ဇီ နာဗယ်နီကို ဗြိတိန်ဆရာဝန်တွေက အသက်ကယ်တင်ကုသပေးခဲ့ရတာ ဖြစ်ပါတယ်။ 

မာကဲလ်ရဲ့ လက်ထောက်တွေကတော့ ပူတင်နဲ့ တွေ့ဆုံချိန်နဲ့ နာဗယ်နီ တိုက်ခိုက်ခံရတဲ့ နှစ်ပတ်လည်နေ့ တစ်ထပ်တည်းကျတာဟာ မတော်တဆ တိုက်ဆိုင်တာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဝန်ကြီးချုပ် မာကဲလ်ကိုယ်တိုင်လည်း နာဗယ်နီကို ပြန်လွှတ်ပေးဖို့အတွက် ပူတင်ကို ပြောဆိုတိုက်တွန်းကြောင်း သိရပါတယ်။ 

“သဘောထားမမျှမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေရင်တောင် တစ်ဦးနဲ့တစ်ဦး အဆက်အဆံ မပြတ် ပြောဆိုနေပြီး ဒါဟာ ဆက်သွားရမယ့် လမ်းကြောင်းမှန်ပဲ ဖြစ်တယ်”လို့ ကရင်မလင်မှာ ဆွေးနွေးမပြောဆိုခင် ရုပ်သံကနေ အပြန်အလှန် တွေ့ဆုံမှုမှာ မာကဲလ်က ပူတင်ကို ပြောခဲ့ပါတယ်။ 

“ကျွန်မတို့မှာ ဆွေးနွေးပြောဆိုရမယ့် ကိစ္စရပ်တွေ အများအပြား ရှိထားပါတယ်”လို့ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာသိမ်းတာအပါအဝင် အစီအစဉ်တွေထဲက အရေးကိစ္စအချို့ကို ထုတ်ဖော်ပြောဆိုပါတယ်။ 

ဒါအပြင် တအုံနွေးနွေးဖြစ်နေတဲ့ အရှေ့ယူကရိန်း ပဋိပက္ခတွေနဲ့ ရုရှရဲ့ မဟာမိတ် ဘီလာရုစ်မှာ အာဏာရှင်ဆန်ဆန် ဖြိုခွင်းမှု အရေးကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်မယ် မျှော်လင့်ရပါတယ်။ 

ပူတင်ဟာ အမျိုးသမီးခေါင်းဆောင်တွေအတွက် သီးသန့်ဆက်ဆံမှု အလေ့အထအတိုင်း မာကဲလ်ကို ပန်းစည်းပေးကြိုဆိုပြီး အခု ခရီးစဉ်ဟာ ‘နှုတ်ဆက်ခရီးစဉ်’ သက်သက်သာ မကဘဲ ‘အရေးပါတဲ့  ခရီးစဉ်တစ်ခု’ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly