အာဖဂန်နစ္စတန်တွင် နောက်တက်မည့် အစိုးရ၌ ပါဝင်ခွင့်ရရန် မြို့တော်ကဘူးလ်ရှိ ရဲတပ်ဖွဲ့ ခရိုင်အမှတ် ၁၀တွင် အမျိုးသမီးများက ဆန္ဒပြ ခဲ့ကြသည်။
တာလီဘန်များကို တိုက်ရိုက်မရည်ညွှန်းခဲ့သော်လည်း အာဏာရရှိလာသူများအနေဖြင့် လာမည့်အစိုးရလက်ထက်တွင် အမျိုးသမီးများကို နေရာပေးရန် မေ့မထားရေးအတွက် ၎င်းတို့က တောင်းဆိုခဲ့ခြင်းဖြစ်ရာ အာဖဂန်နစ္စတန်တွင် ဖြစ်လေ့ဖြစ်မရှိသည့် လုပ်ဆောင်မှုမျိုးဖြစ်သည်။
အစောပိုင်းကလည်း လူငယ်အချို့က ကူနာခရိုင်တွင် စုဝေးကာ အာဖဂန်အစိုးရအလံအား နိုင်ငံတွင်း လွှင့်တင်ခွင့်ပြုရေး တောင်းဆိုခဲ့ကြသည်။ အလားတူပင် အာဖဂန်နစ္စတန်အစ္စလာမစ်နိုင်ငံတော်တွင် အာဖဂန်နစ္စတန်အလံကို ဆက်လက်လွှင့်ထူခွင့်ပြုရန် တောင်းဆိုမှုများရှိသလို ပူးတွဲအလံကို ထူခွင့်ပြုရန် လူမှုမီဒီယာများတွင် တောင်းဆိုမှုများ ရှိခဲ့သည်။
လက်နက်များကိုင်ဆောင်သွားလာနေကြသည့် တာလီဘန်တပ်ဖွဲ့များ အတင့်အသင့်နည်းသွားသော်လည်း မြို့တော်ကဘူးလ်တွင် အခြေအနေများ ပုံမှန်မတွေ့မြင်ရသေးပေ။
လွန်ခဲ့သည့် ၂ ရက်နှင့် နှိုင်းယှဉ်ပါက ကဘူးလ်မြို့တော်တွင် ဆိုင်များ ပြန်လည်ဖွင့်လာကြသလို လမ်းများပေါ်တွင်လည်း လူများပြန်လည် မြင်တွေ့လာကြသည်။
အများသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အသင့်အတင့် ပြန်လည်စတင်နေပြီး ယာဉ်ထိန်းအရာရှိများလည်း မြို့တော်အတွင်း ပြန်လည်အလုပ်လုပ်နေကြပြီဖြစ်သည်။
တာလီဘန်အယောင်ဆောင်၍ မြို့တော်အတွင်း ခိုးဝှက်လုယက်မှုများ လုပ်ဆောင်နေသူများအား ဖမ်းဆီးသည့် ဗီဒီယိုများကိုလည်း တာလီဘန်တို့က ပြသပေးနေသည်။
ကျောင်းများကို ယောက်ျားလေးများနှင့် မိန်းကလေးများအတွက်ပါ ဆက်လက်ဖွင့်ထားမည်ဟု အာဖဂန်နစ္စတန်အစ္စလာမစ်နိုင်ငံတော် အဖွဲ့က ကြေညာထားသော်လည်း မြို့တော်ကဘူးလ်တွင် တက္ကသိုလ်များကို ပိတ်ထားဆဲဖြစ်သည်။
ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် တာလီဘန်တပ်ဖွဲ့များက အမျိုးသမီးဆရာဝန်များကို ကဘူးလ်မြို့တွင် တွေ့ဆုံက ၎င်းတို့တာဝန်များကို ဆက်လက်ဆောင်ရွက်ကြရန် ပြောကြားသည်။