ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေ

By Business Insider
19 August 2021
ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေ

ထိုဝမ်ကျွန်းရှိ ခွဲထွက်ရေး အုပ်စုများနှင့် အမေရိကန်တို့က ရန်စသည်ဟုဆိုသော လုပ်ရပ်များကို တုံ့ပြန်ခဲ့သည့်အနေဖြင့် တရုတ်စစ်တပ်က ထိုင်ဝမ်အနီးတွင် သြဂုတ် ၁၇ရက်က ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ် အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ်များနှင့် တိုက်လေယာဉ်များက လေတပ်နှင့် ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတပ်ပေါင်းစုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတပ်ပေါင်းစုစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းဗိုလ်မှူးကြီး ရှစ်ယိက အမေရိကန်က ထိုင်ဝမ်အာဏာရပါတီနှင့်ပူးပေါင်းပြီး ရန်စောင်ခြင်း၊ ပြဿနာရှာခြင်း၊ တရုတ်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းကြောင့် ထိုင်ဝမ်ရေလက်ကြားတွင် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည်ဟု စွပ်စွဲခဲ့သည်။

ယင်းခြိမ်းခြောက်မှုများသည် ရေလက်ကြားတွင် လုံခြုံရေးအန္တရာယ်အကြီးဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟု တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မည်သည့်ရန်စမှုများကို သီးခြားရည်ညွှန်းသည်ကို တရုတ်စစ်တပ်က ယင်း၏ ထုတ်ပြန်ချက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေ။

ထိုင်ဝမ်ရေလက်ကြားသို့ အမေရိကန်ရေတပ်က ဇူလိုင်လကုန်က လာရောက်ခဲ့ခြင်းအပါအဝင် ပုံမှန်လာရောက်နေခြင်းကို တရုတ်က မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

အမေရိကန်-ထိုင်ဝမ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် လက်နက်ရောင်းချမှုများကိုလည်း တရုတ်က ဝေဖန်ခဲ့သည်။

အမေရိကန်အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းသို့ မကြာသေးမီက ဒေါ်လာသန်း ၇၅၀ တန် လက်နက် ရောင်းချရေးအတွက် အဆိုပြုခဲ့သည်။ ယင်းတွင် ထိုင်ဝမ်အား 40 M109A6 အလယ်အလတ်စား ကိုယ်တိုင်ထိန်းချုပ်သည့် ဟောင်ဝဇ္ဇာအမြောက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်မည်ဖြစ်သည်။

ယင်းကဲ့သို့ လက်နက်ရောင်းချမည့် အစီအစဉ်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်ပြတ်သားသား ကန့်ကွက်ထားသလို အခြေအနေများနှင့် အညီ သင့်လျော်မှန်ကန်ပြီး လိုအပ်သော တန်ပြန်တုံ့ပြန်မှုများကို ပြတ်ပြတ်သားသားလုပ်ဆောင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly