မြန်မာတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်နိုင်ရေးအတွက် တိုက်ပွဲများ ရပ်ထားရန် ဗြိတိန် တိုက်တွန်း

မြန်မာတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်နိုင်ရေးအတွက် တိုက်ပွဲများ ရပ်ထားရန် ဗြိတိန် တိုက်တွန်း

ဩဂုတ် ၁၈

ကိုဗစ်-၁၉ တတိယလှိုင်းတစ်ခုနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများ လွတ်လွတ်လပ်လပ် ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အလို့ငှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်နေခဲ့သည့် တိုက်ပွဲများကို ချက်ချင်း ရပ်ဆိုင်းပေးထားရေးအတွက် ယူကေက သြဂုတ် ၁၇ ရက်တွင် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု ရည်ရွယ်ချက်များအတွက် တိုက်ခိုက်မှုများကို ယာယီရပ်စဲထားစေရေးနှင့် နိုင်ငံတကာဘက်က ခိုင်မာအားကောင်းစွာ တုံ့ပြန်လုပ်ဆောင်ရေးအတွက် ယမန်နေ့က ကုလ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ဆွေးနွေးမှုများတွင် တောင်းဆိုပြောကြားခဲ့ကြောင်းနှင့် အဆိုပါ တောင်းဆိုမှုကို အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သည့် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ဘရူနိုင်းဒုနိုင်ငံခြား‌ရေးဝန်ကြီး အာရီဝမ် ယူဆွတ်ဖ်ကလည်း ထောက်ခံခဲ့ကြောင်း ကုလဆိုင်ရာ ဗြိတိန်ဒုသံအမတ် ဂျိမ်းစ် ကာရီယူကီက ပြောသည်။

မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု အကျပ်အတည်းက တစ်နေ့တစ်ခြား ပိုပို ဆိုးလာနေခဲ့ကြောင်း မြန်မာဆိုင်ရာ ကုလ အထူးသံတမန် ခရစ္စတင်း ရှာရန်နာ ဘာဂျီနာနှင့် ကုလ လူသားချင်းစာနာမှု ဒုတိယအကြီးအကဲ ရာမက်ရှ် ရာဂျာဆင်းဟမ်တို့က လုံခြုံရေးကောင်စီကို ပြောကြားခဲ့ကြသည်ဟု မစ္စတာ ကာရီယူကီက ပြောသည်။

“စစ်အာဏာသိမ်းမှုမတိုင်မီတုန်းကဆိုရင် မြန်မာနိုင်ငံမှာ ခိုင်မာ အားကောင်းတဲ့ ကာကွယ်ဆေးထိုးမှု မှတ်တမ်းတစ်ခု ရှိခဲ့သလို ကိုဗစ်-၁၉ အစီအစဉ်တစ်ခုကိုလည်း ဖော်ဆောင်နေခဲ့တာပါ” ဟု ၎င်းက ပြောသည်။

“ခုချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်က လည်ပတ်နေရုံမျှသာ ရှိနေပါတော့တယ်၊ နောက်ပြီး ဆေးရုံဆေးခန်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေအပေါ် လက်ခံနိုင်စရာမရှိတဲ့ တိုက်ခိုက်မှုတွေဟာလည်း ဆက်ရှိနေတယ်၊ ခုဆို လူဦးရေရဲ့ ၃ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်ဆေးထိုးထားရပါသေးတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆိုးရွားဆုံးသော ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်မှုတစ်ခုနှင့် ရင်ဆိုင်လုံးပန်းနေခဲ့ရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရထံကနေ ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းယူထားခဲ့သည့် စစ်တပ်သည် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့အပေါ် ထောက်ခံသူများအတွက် လွှဲပြောင်းယူဆောင်ခြင်းဖြင့် လက်ရှိအခြေအနေကို ပိုမိုဆိုးဝါးထားစေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

သြဂုတ်လ ၉ ရက်က ကူးစက်သူသစ် ၃,၆၁၁ ဦးအပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၃၃၃,၀၀၀ ကျော် ရှိနေခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က မစ္စ ရှာရန်နာ ဘာဂျီနာက ပြောခဲ့သည်။

သြဂုတ် ၁၇ ရက် ကောင်စီအစည်းအဝေးတွင် မစ္စတာ ရာဂျာဆင်းဟမ်က ကျန်းမာရေးစနစ် ပြိုလဲမှု၊ ဗိုင်းရပ်စ် ကူးစက်မှုလှိုင်း တစ်ကျော့ပြန် မြင့်တက်မှု၊ ရန်လိုတိုက်ခိုက်မှုများ မြင့်တက်မှု၊ အကြမ်းဖက်မှုနှင့် သိသာထင်ရှားသော နေရပ်စွန့်ခွာထွက်ပြေးမှု တို့နှင့်ပတ်သက်ပြီး အခြေခံအားဖြင့် အကြမ်းဖျင်း ဖော်ပြ ပြောဆိုခဲ့သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောခဲ့သည်။

အလားတူ မြန်မာနိုင်ငံတွင် ကပ်ရောဂါတားဆီးကာကွယ်ရေးနှင့် လူသားချင်းစာနာမှု လုပ်ငန်းများအပေါ် ထောက်ကူပံ့ပိုးရန် အဖွဲ့ဝင်နိုင်ငံများကို မစ္စ ရှာရန်နာ ဘာဂျီနာက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း မစ္စတာ ဒူဂျာရစ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly