တာလီဘန်တွေနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စု ဆုံးဖြတ်ဖို့ရန် ခေါင်းခဲ 

တာလီဘန်တွေနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စု ဆုံးဖြတ်ဖို့ရန် ခေါင်းခဲ 
Photo - AFP

ဩဂုတ် ၁၈

တာလီဘန်တွေကို ချေမှုန်းဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်မှာတော့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်လိုက်ပြီဖြစ်တဲ့ အစ္စလာမ္မစ် သောင်းကျန်းသူ တာလီဘန်တွေနဲ့ ဆက်ဆံသွားမလားဆိုတာနဲ့ ပတ်သက်ပြီး အနောက်အင်အားကြီးနိုင်ငံတွေဟာ ခေါင်းခဲစရာ ဆုံးဖြတ်ဖို့ ရင်ဆိုင်နေရပါပြီ။ 

တာလီဘန်တွေကတော့ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ ၎င်းတို့ရဲ့ အလွန် ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့တာထက် နွေးထွေးသော နိုင်ငံတကာ လက်ခံမှုကို လိုလားနေဟန်ပုံစံမျိုး ပြသထားပြီး ရုရှ၊ တရုတ်နဲ့ တူရကီနိုင်ငံတွေက တာလီဘန်တွေရဲ့ ကနဦး အများပြည်သူ ထုတ်ပြန်ချက်တွေကို လက်ခံချီးကျူးနေပါတယ်။ 

အီးယူ နိုင်ငံခြားမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်ကတော့ “တာလီဘန်တွေက စစ်ပွဲကို အနိုင်ရသွားပြီ၊ ဒါကြောင့် သူတို့နဲ့ ကျွန်တော်တို့ ပြောဆိုဆွေးနွေးသွားရလိမ့်မယ်”ဆိုပြီး တဲ့တိုးပဲ ပြောဆိုလာပါတယ်။ 

နိုင်ငံကို သိမ်းပိုက်ပြီး မှန်ကန်စွာ ရွေးကောက်ထားတဲ့ ဒီမိုကရေစီ အစိုးရကို အင်အားသုံး ဖယ်ရှားနေရာယူထားတဲ့ တာလီဘန်တွေဟာ ‘တရားဝင် သတ်မှတ်ထားပြီး အကြမ်းဖက်အဖွဲ့အစည်း’ပဲ ဖြစ်တယ်လို့ ပြောဆိုသူ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်း ထရူဒိုကတော့ အသိအမှတ် မပြုနိုင်ကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ပါတယ်။ 

အမေရိကန် စစ်တပ်နဲ့ သံတမန်တွေဟာ လူတွေကို ကယ်ထုတ်ရေး လုပ်ငန်းတွေ သေချာကျိန်းသေစေဖို့ တာလီဘန်တွေနဲ့ ဆွေးနွေးပြောဆိုနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်ရဲ့ နှစ်နှစ်ဆယ်ကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်တဲ့ ဩဂုတ် ၃၁ ရက် ကျော်လွန်ပြီးတောင် လုံလုံလောက်လောက် ဘေးကင်းလုံခြုံမှု ရှိတယ်ဆိုရင် ကဘူးလ်လေဆိပ်မှာ တာဝန်ခံရုံးတစ်ရုံး ဆက်ထားရှိမယ်လို့ ပြောထားပါတယ်။ 

ဒါပေမဲ့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကတော့ အနာဂတ် အာဖဂန်အစိုးရနဲ့ ဘယ်လို ဆက်ဆံရေးမျိုးမဆိုဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားတာနဲ့ အယ်ခိုင်ဒါတွေလို အစွန်းရောက်တွေကို ပစ်ပယ်မယ့်အပေါ်မှာပဲ မူတည်နေလိမ့်မယ်လို့ ပြောပါတယ်။ 

“ဆက်ဆံရေးဟာ တာလီဘန်တွေဖက်က သက်သေပြနိုင်တာအပေါ်မှာပဲ မူတည်သွားမှာဖြစ်တယ်၊ တာလီဘန်တွေဟာ သူတို့ ဘယ်လို လူစားမျိုးတွေ ဖြစ်တယ်ဆိုတာ၊ ဘယ်လိုတွေ လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတာ ကျန်ကမ္ဘာကို ပြသတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်”ဆိုပြီး ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က သတင်းထောက်တွေကို ပြောပါတယ်။ 

“သူတို့ရဲ့ လမ်းကြောင်းက ကောင်းခဲ့တာ မဟုတ်ပေမယ့် ဒီ မေးခွန်းကို ဖြေကြားဖို့ကတော့ အချိန်မတန်သေးပါဘူး”ဆိုပြီး တာလီဘန်တွေကို အသိအမှတ်ပြုမလား မေးခွန်းကို ဆူလီဗန်က ဖြေကြားခဲ့ပါတယ်။ 

တပ်တွေ ရုပ်သိမ်းရာမှာ ဂျိုးဘိုင်ဒင်နောက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ ဗြိတိန်ကလည်း တာလီဘန်တွေရဲ့ လူ့အခွင့်အရေးစံနှုန်းတွေကြောင့် သာမန်အားဖြင့်ဆိုရင် ဆက်ဆံဖြစ်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါမစ်နစ်ရက်ဘ်က ဆိုပါတယ်။ 

ဒါပေမဲ့ ပိုပြီး သင့်တော်တဲ့ အာဖဂန်အစိုးရတစ်ရပ် ဖြစ်ပေါ်ရေး ကာတာမှာ ဆွေးနွေးနေကြဆဲ ဖြစ်ပြီး “အာဖဂန် အုပ်ချုပ်ရေးမှာ ဘယ်လောက်ထိ အစွန်းမရောက်ဘဲ ရှိမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်စမ်းသပ်သွား လိုတယ်”လို့ ဒေါမစ်နစ်ရက်ဘ်က ပြောပါတယ်။ 

“သူတို့က အာဏာချုပ်ကိုင်ထားပြီလေ၊ ဒီ အရှိတရားကို ကိုင်တွယ်ဖြေရှင်းဖို့ လက်ရှိမှာ ကျွန်တော်တို့ လိုအပ်တယ်၊ ဒါကို အကောင်းတွေး ထားရတော့မှာပဲ”ဆိုပြီး သူက Sky News သတင်းဌာနကို ပြောပါတယ်။ 

ဒါပေမဲ့ တာလီဘန်တွေက တစ်နိုင်ငံလုံးကို အလျင်အမြန် သိမ်းပိုက်လိုက်ပြီးနောက်မှာ ပြည်ပအခြေစိုက် အာဖဂန်အစိုးရ တည်ထောင်ရေး အခွင့်အလမ်းတွေကတော့ အားရစရာ မရှိတော့ကြောင်းကိုတော့ သူက ဝန်ခံသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required