အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေကြောင့် ရှလ(ရှားလှ)ကျေးရွာနဲ့ အနီးအနားကျေးရွာတွေမှာရိက္ခာပြတ်လပ်

အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေကြောင့် ရှလ(ရှားလှ)ကျေးရွာနဲ့ အနီးအနားကျေးရွာတွေမှာရိက္ခာပြတ်လပ်

ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရှလ(ရှားလှ) ကျေးရွာအုပ်စုနဲ့ အနီးအနားကျေးရွာတွေမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့တွေက ဆိပ်ဖြူမြို့အထွက်နဲ့ ပုသိမ် - မုံရွာကားလမ်းပေါ်မှာပိတ်ဆို့ဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့်ရိက္ခာပြတ်လပ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လကုန်ပိုင်းက ရှလ(ရှားလှ)ကျေးရွာအုပ်စု၊ ဝန်ကြီးကျေးရွာက ဒလံတစ်ဦးဖြစ်တဲ့ စိန်မောင်ရဲ့နေအိမ်မှာဗုံးပေါက်ကွဲခဲ့ကာ ပျူစောထီးအဖွဲ့ဝင် ၃ ဦးဖမ်းဆီးခံရပြီးနောက်ပိုင်းအခုလိုပိတ်ဆို့ဖမ်းဆီးမှုတွေလုပ်လာတာလည်း ဖြစ်ပါတယ်။

"ဆိပ်ဖြူမြို့ဝင်ဂိတ်ကနေစစ်တယ်၊ ရှလ(ရှားလှ) ကဆိုရင်လူတော့ဘာမှမလုပ်ဘူး။ပါလာတဲ့ပစ္စည်းအကုန်သိမ်းတာပဲ။ အဲ့ဒီကအသိမ်းမခံရလည်း ရွာအဝင်ကားလမ်းပေါ်ကျထပ်သိမ်းတာ။ အခုဆိုရိက္ခာကဘာဆိုဘာမှမရှိတော့ဘူး။"လို့ အကြိမ်ကြိမ်ပစ္စည်းသိမ်းခံရသူတစ်ဦးကပြောပါတယ်။

ရှလ(ရှားလှ)ကျေးရွာဟာ ဆိပ်ဖြူမြို့နယ်ရဲ့အစွန်ဆုံးမှာရှိပြီး ပေါက် မြို့နယ်၊ ကင်းမ၊ ကင်းဆိပ်၊ တောင်ချိုကျေးရွာတွေနဲ့ နယ်နမိတ်ထိစပ်နေပြီး ရွာလုံးကျွတ်မီးရှို့ဖျက်စီးခံရတဲ့ကင်းမကျေးရွာကိစ္စမှာ အဓိကအထောက်အပံ့ပေးခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်တာကြောင့် အခုလိုစစ်ကောင်စီတပ်တွေရဲ့ပစ်မှတ်ထားမှုကိုခံနေရတာလို့ ဒေသခံတွေကဆိုပါတယ်။

အိမ်ခြေ ၂၅၀ ရှိပြီး ကလေးငယ် ၄၀၀ ဝန်းကျင်အပါအဝင် လူဦးရေ ၁၅၀၀ ကျော်နေထိုင်တဲ့ ရှလ (ရှားလှ) ကျေးရွာဟာ အာဏာသိ်မ်းလက်နက်ကိုင်အဖွဲ့တွေရဲ့အကြိမ်ကြိမ်ဝင်ရောက်ရှာဖွေမှုတွေကြောင့်လူငယ်အများအပြားထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ဖျက်စီးခံရမှုတွေလည်းမကြာခဏကြုံတွေ့နေရတယ်လို့ဒေသခံတွေက ဆက်လက်ဆိုပါတယ်။

ကင်းမကျေးရွာမှာလည်း ရွာလုံးကျွတ်မီးရှို့ဖျက်စီးခံရမှုနောက်ပိုင်း ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ လက်ရှိအချိန်ထိ တောတောင်တွေထဲမှာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required