အနှေးနှင့်အမြန် ဖြေရှင်းကြရဦးမည့် မြေယာပြဿနာများ

အနှေးနှင့်အမြန် ဖြေရှင်းကြရဦးမည့် မြေယာပြဿနာများ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး အဓိက နိုင်ငံဖြစ်သည်။ နိုင်ငံသား အများစုသည်လည်း တောင်သူလယ်သမားများပင် ဖြစ်သည်။ ထို့ကြောင့် လယ်သမားအရေး သို့မဟုတ် လယ်ယာမြေအ ရေးသည် အရေးအကြီးဆုံးဟုပင် ပြောလို့ရနိုင်သည်။

တချို့သော ဘောဂဗေဒ ပညာရှင်များကဆိုလျင် မြန်မာနိုင်ငံအနေဖြင့် လယ်ယာမြေ ဖွံဖြိုးတိုး တက်ရေး မလုပ်နိုင်သရွေ့ မည်သည့်အခါမှ မတိုးတက်နိုင်ဟူ၍ပင် ပြောဆိုသည်များပင် ရှိသည်။ လယ်ယာမြေ ပြဿနာအထဲတွင် လယ်ယာစိုက်ပျိုးရေး နည်းစနစ်များ တိုးတက်မှန်ကန်ရေး၊ လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ တိုးတက်ပြောင်းလဲရေး၊ လယ်သမားများ စိုက်ပျိုးရေး ခေတ်မီနည်း ပညာများ တတ်သည်ထက် တတ်မြောက်လာစေရေးအပြင် လယ်ယာမြေ ပိုင်ဆိုင်မှုဆိုင်ရာ စည်းကမ်း နည်းလမ်းများသည်လည်း မှန်ကန်ဖို့လွန်စွာ အရေးကြီးသည်။

တဆင့်တိုးပြီး ပြောရလျင် လယ်သမာတွေ စိုက်ပျိုးရေးပညာ မည်မျှပင် တတ်သည်ဖြစ်စေ၊ လက်မှုမှ စက်မှုသို့ ကူးပြောင်းရန် တာစူနိုင်သည်ဖြစ်စေ လယ်ယာမြေ ပိုင်ဆိုင်မှုဆိုင်ရာ စည်းကမ်း နည်းလမ်းများ၊ အခြေအနေများ မှန်ကန်တိကျမှု မရှိပါက မြန်မာ့လယ်ယာမြေ ပြဿနာမှာ ဖြေရှင်းလို့ ရနိုင်စရာ အကြောင်းမရှိဟု မြင်ပါသည်။

မနေ့တနေ့က ထွက်ရှိလာသော သတင်းတစ်ရပ်တွင် မြန်မာပြည်တွင် လယ်မြေသိမ်းဆည်းခံ ရမှုများ များစွာရှိနေခဲ့ပြီး ယင်း မြေယာ သိမ်းဆည်းမှုများတွင် စစ်တပ်တစ်ခုတည်းက တိုက်ရိုက်သော် လည်းကောင်း၊ အခြားမြေသိမ်းသူများနှင့် ပူးပေါင်း၍သော် လည်းကောင်း မြေသိမ်းမှုများ ရှိခဲ့သည်ဟု ဒို့မြေကွန်ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီရင်ခံစာသည် တိုင်းနှင့်ပြည်နယ် ၁၂ ခု၊ မြို့နယ် ၂၆ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ ၂၆၀၀ ကျော်နှင့် တွေ့ဆုံမေးမြန်းပြီးမှ စစ်တမ်းပြုစု ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ယင်းမြို့နယ် ၂၆ မြို့နယ်ရှိ လယ်ယာမြေများကို စစ်တပ်က ၄၇ ဒသမ ၇ ရာခိုင်နှုန်း သိမ်းယူထားခဲ့သည်ဟု ယင်းစစ်တမ်းအရ သိကြရပါသည်။

ဒို့ကွန်ရက် အဖွဲ့အစည်း၏ ယင်းစစ်တမ်းသည် မည်မျှအထိ မှန်ကန်မှုရှိသည် မရှိသည်အပထား စစ်တပ်အနေဖြင့် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်အတွင်း လယ်ယာမြေများ သိမ်းဆီးခဲ့သည်ဟူသည့် အချက်သည်မူ အမှန်ပင်ဖြစ်သည်ဟု ယူဆရပါမည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်များအ တွင်းက လွှတ်တော်တွင်း ဆွေးနွေး ငြင်းခုန်မှုများထဲ၌ စစ်တပ်က မြေယာများသိမ်းဆည်း ထားခဲ့သည် ဆိုသည့် ဆွေးနွေးချက်များသည် တိုင်းပြည်နှင့်အဝှမ်း လူအများ စိတ်ဝင်စားခြင်း ခံရသည့် အခြား အကြောင်းအရာများနှင့် တန်းတူရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာ စစ်တပ် တာဝန်ရှိသူ များ ကိုယ်တိုင်က သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်ပေးရေး တရားဝင် ပြန်လည်ဖြေကြားမှု များသည်လည်း ရှိခဲ့သောကြောင့် ဖြစ်သည်။

ထိုအခါ ထပ်မံမေးခွန်းထုတ်စရာ စဉ်းစားစရာ အချက်များလည်း ရှိလာပြန်ပါသည်။ တရားဝင် လူသိထင်ရှား ကြားခဲ့ကြရသည့် အချက်များအရဆိုလျင် စစ်တပ်သည် မည်သည့်အတွက်ကြောင့်   မြေယာများကို သိမ်းဆီးခဲ့ရသနည်း။ တိုင်းပြည်က ပေးသည့် ငွေကြေးဘတ်ဂျက်က မလောက်ငှသော ကြောင့်လည်းကောင်း သို့မဟုတ် အခြား မည်သည့်အခက်အခဲများကြောင့် လည်းကောင်း ဆိုသည်မှာ စဉ်းစားဖွယ် ဖြစ်လာရပါသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်မှ မြေယာများ သိမ်းဆည်းထားမှုကြောင့် ဖြစ်ပေါ်လာရသည့် မြေယာ ပြဿနာသည် တကယ်တော့ သဘာဝကျသည့် ပြဿနာတစ်ခုတော့ မဟုတ်ချေ။ ယင်းအတွက် ကြောင့်လည်း တပ်မတော်နှင့် ပြည်သူ အပြန်အလှန် စိတ်ဝမ်းကွဲမှု အထင်အမြင်လွဲမှားမှုနှင့် စည်းလုံး ညီညွတ်မှု ပျက်ပြားစေနိုင်သည်ဟု၍လည်း မြင်ပါသည်။

ယင်းမြေယာ ပြဿနာကို ပြေလည်အောင် မှန်ကန်စွာ မဖြေရှင်းနိုင်ဘူး ဆိုလျင်လည်း ယင်းပြ ဿနာမှာ တိုင်းပြည်စီးပွားရေး တိုးတက်မှုကို ကြီးမားစွာ အဟန့်အတားဖြစ်စေမှာ ဖြစ်သည်။

ထို့ကြောင့် နောင်လာမည့် အစိုးရများ လက်ထက်တွင် ယင်းမြေယာ သိမ်းဆီးမှု ပြဿနာကို အမြန်ဆုံး ပြေလည်ချောမွေ့အောင် ဖြေရှင်းဖို့ရန် အထူးလိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly