ATM စက်တီထွင်သူကို မွေးဖွားပေးခဲ့သော အိန္ဒိယဆေးရုံတွင် ၅၃နှစ်ကြာပြီးမှ အဆိုပါ စက်ကို တပ်ဆင်နိုင်ခဲ့

ATM စက်တီထွင်သူကို မွေးဖွားပေးခဲ့သော အိန္ဒိယဆေးရုံတွင် ၅၃နှစ်ကြာပြီးမှ အဆိုပါ စက်ကို တပ်ဆင်နိုင်ခဲ့

အလိုအလျောက်ငွေထုတ်စက် (ATM) တီထွင်သူ ဂျွန်ရှိဟက်ဂ်ဘာရွန်ကို ၁၉၂၅ ခုနှစ်က အိန္ဒိယနိုင်ငံ၊ မဂ်ဟာလာယာပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် မွေးဖွားခဲ့ပြီး ယင်းငွေထုတ်စက်ကို ကမ္ဘာလုံးအတိုင်အတာဖြင့် စတင်တပ်ဆင်ပြီးနောက် ၅၃နှစ်အကြာတွင်မှ ယင်းဆေးရုံတွင် ATM စက်တစ်လုံးကို တပ်ဆင်ခဲ့သည်ဟု ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦး က သြဂုတ်လ ၁၀ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဆေးရုံသက်တမ်းနှစ် ၁၀ဝ ပြည့်တော့မည်ဖြစ်သည့် ဒေါက်တာ အိတ်ချ်ဂေါ်ဒွန်ရောဘတ်စ် ဆေးရုံတွင် ATM စက်ကို တပ်ဆင်ခဲ့သည်။

“၂၀၂၂ခုနှစ်မှာ ကျရောက်မယ့် နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ်ပွဲမတိုင်ခင် ဒီနေရာမှာ ATM စက်တစ်လုံး တပ်ဆင်ပေးဖို့ အိန္ဒိယနိုင်ငံတော်ဘဏ်ကို အသနားခံစာတင်ပြီးတဲ့နောက်မှာ သြဂုတ်လ ၇ ရက်က ဒီငွေထုတ်စက်ကို တပ်ဆင်ပေးခဲ့ပါတယ်” ဟု ဆေးရုံအုပ် ဒေါက်တာ ရိုခန်နွန်ဂရမ်က PTI သို့ ပြောကြားခဲ့သည်။

ဆေးရုံတွင် ATM စက်ကို အသုံးပြုနိုင်ခြင်းက လူနာများနှင့် သက်ဆိုင်သည့် သူများနှင့် ဝန်ထမ်းများအားများစွာ အထောက်အကူပြုလိမ့်မည်ဟု သူက ဆိုသည်။

"ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားပေးတဲ့အတွက် ဘဏ်အာဏာပိုင်တွေကို ကျေးဇူးတင်ပါ တယ်။ ATM စက်တီထွင်သူကို လွန်ခဲ့တဲ့ ၉၆ နှစ်က ဒီဆေးရုံမှာမွေးဖွားခဲ့တာဖြစ်လို့ ဒီစက်က အရေးပါတယ်" ဟု ဒေါက်တာ ရိုခန်နွန်ဂရမ်က ပြောကြားခဲ့သည်။

ဂျွန်ရှိဟက်ဂ်ဘာရွန်သည် ၁၉၆၅ ခုနှစ်တွင် ကိုယ်ပိုင်ငွေထုတ်နိုင်မည့် စက်တစ်ခု၏ သဘောတရားကို စတင် သိရှိခဲ့ပြီး ချောကလက်ချောင်းများထုတ်ပေးသောစက်ကို ကြည့်ကာ တွန်းအားကို ရရှိခဲ့သည်။

ပထမဆုံး ATM ကို ၁၉၆၇ ခုနှစ်တွင် လန်ဒန်ရှိဘဏ်တစ်ခုတွင် တပ်ဆင်ခဲ့သည်။ လူကြိုက်များသည့် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှ နာမည်ကျော် ရက်ဗာနေးသည် ငွေသားထုတ်ယူသော ပထမဆုံး လူသားဖြစ်ခဲ့သည်။

အိန္ဒိယနိုင်ငံဖွားစကော့လူမျိုး ဂျွန်ရှိဟက်ဂ်ဘာရွန်သည် ၂၀၁၀ ပြည့်နှစ်တွင် စကော့တလန်ရှိ ဆေးရုံတစ်ခုတွင် ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly