ဖမ်းဆီးခံထားရသည့် ပရဟိတသမား ကိုသူနေအောင်အား ၂လ ကျော်သည်အထိ ရုံးထုတ်စစ်ဆေးခြင်းမရှိသေး

ဖမ်းဆီးခံထားရသည့် ပရဟိတသမား ကိုသူနေအောင်အား ၂လ ကျော်သည်အထိ ရုံးထုတ်စစ်ဆေးခြင်းမရှိသေး

ဩဂုတ် ၁၂

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှ နိုင်ငံရေးနှင့်ပရဟိတသမား ကိုသူနေအောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မေလ ၁၉ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီး ၂လခွဲကျော်ကြာလာသည်အထိ ရုံးထုတ်စစ်ဆေးမှု မပြုလုပ်သေးကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ ကိုသူနေအောင်ကို ရဲစခန်းတွင် ၁၅ရက်၊ စစ်ကြောရေးတွင် ၁၀ရက်ကြာ စစ်ဆေးခဲ့ပြီးနောက် ပုသိမ်အကျဥ်းထောင်တွင် မတရားအကျဥ်းချထားခြင်းဖြစ်သည်။

"ဖမ်းသွားတာ ၃လလောက်ရှိပြီ။ ခုထိတော့ရုံးမထုတ်သေးဘူး၊ ရုံးထုတ်ရှိတယ်ပြောလိုက် ပျက်သွားလိုက်နဲ့ တော်တော်ကြာနေပြီ၊ သူနဲ့အတူတူအဖမ်းခံရတဲ့သူ တစ်ယောက်ကတော့ ရက်ပိုင်းနဲ့ပြန်လွတ်လာကြပြီးတော့ ပုံမှန်အတိုင်းသွားလာနေတယ်၊ သူကမလွတ်တဲ့အပြင် ခုထိတောင်ရုံးမထုတ်သေးဘူး၊ ရှေ့နေတွေဆီက သိရတာတော့ ဖောက်ခွဲ ၅ ဆိုတဲ့ဟာနဲ့ တရားစွဲထားရတယ်လို့သိရတယ်"လို့ ကိုသူနေအောင်နဲ့ နီးစပ်သူတစ်ဦးမှ ပြောသည်။

ကိုသူနေအောင်သည် ပုသိမ်မြို့ရှိ လူမှုရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပြီး ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းများအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသည့်လူနာများအား ကူညီစောင့်ရှောက်ပေးခဲ့သူ တစ်ဦးဖြစ်သည်။

ကိုသူနေအောင် ဖမ်းဆီးခံရစဥ်အချိန်တွင် စုစုပေါင်း သုံးဦးအဖမ်းခံခဲ့ရတာဖြစ်ပြီး တစ်ဦးမှာ ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပုသိမ်အကျဥ်းထောင်တွင် ကိုသူနေအောင်အပါအဝင် မတရားဖမ်းဆီးခံထားရသည့် ပြည်သူများအား ၂ လခွဲကျော် ကြာသည်အထိ ဖမ်းဆီးပြီးအချိန်ကတည်းက ရုံးထုတ်စစ်ဆေးမှုမပြုလုပ်သေးကြောင်း။ အဆိုပါအကျဉ်းထောင်အတွင်း စစ်အာဏာသိမ်းခြင်းအ‌ပေါ်ဆန့်ကျင်သည့်အတွက် အကျဥ်းချခံထားရသူ ၈၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly