ကိုဗစ်-၁၉ ပျံ့နှံ့မှု ထိန်းချုပ်ရေး ခရိုင်အဆင့် လှုပ်ရှားမှုများကို ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဂျမူး-ကက်ရှ်မီးယား ဒုတိယအုပ်ချုပ်ရေးမှူး တိုက်တွန်း

ကိုဗစ်-၁၉ ပျံ့နှံ့မှု ထိန်းချုပ်ရေး ခရိုင်အဆင့် လှုပ်ရှားမှုများကို ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဂျမူး-ကက်ရှ်မီးယား ဒုတိယအုပ်ချုပ်ရေးမှူး တိုက်တွန်း

ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှု ထိန်းချုပ်ရေး လှုပ်ရှားမှုအတွက် ခရိုင်အဆင့် အသေးစိတ်အစဉ်များကို ရေးဆွဲဆောင်ရွက်ကြရန် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဒုတိယအုပ်ချုပ်ရေးမှူး မန်နော့ဂျ် ဆင်းဂ်က ဩဂုတ် ၆ ရက်တွင် ကျန်းမာရေးနှင့် သတင်းအချက်အလက် ဌာနများသို့ ညွှန်ကြားခဲ့သည်။

ဆရီနဂါမြို့၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ဒုတိယအုပ်ချုပ်ရေးမှူးသည် ပြည်ထောင်စုနယ်မြေအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့ဝင်များ၊ လက်ထောက်ကော်မရှင်နာများ၊ တာဝန်ရှိသူ အသီးသီးတို့နှင့် ဆွေးနွေးခဲ့သည်။

“ကျွမ်းကျင်သူများရဲ့ အစီရင်ခံစာအရ နောက်ထပ် ရက် ၁၀၀ ဟာ အရေးကြီးတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သတိဝီရိယနဲ့ နေကြဖို့ လိုသလို တတိယလှိုင်းကို ကာကွယ်ဖို့ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကိုဗစ်ဆိုင်ရာ လမ်းညွှန်ချက်များကို ပြည်သူအများအပြားက လိုက်နာစေရန် ခရိုင်အဆင့်တွင် အသေးစိတ်အစီအစဉ်များ ရေးဆွဲလုပ်ဆောင်ကြရန်လည်း မန်နော့ဂျ် ဆင်းဂ်က တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ ဒေသဆိုင်ရာ ကော်မရှင်နာများအနေဖြင့် မိမိတို့သက်ဆိုင်ရာ နယ်မြေအတွင်း ကိုဗစ်ထိန်းချုပ်ရေး အစီအစဉ်များ အကောင်အထည်ဖော်ရေးကို စောင့်ကြည့်သွားမည်ဟု ၎င်းက ပြောကြားသည်။အောက်ခြေတွင် စည်းကမ်းလိုက်နာမှု ရှိစေရေးနှင့် ကိုဗစ်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ရေရှည်နည်းလမ်းများကို ရှာဖွေရန် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းရေးအတွက်လည်း ၎င်းက အထူးမှာကြားခဲ့သည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် ကာကွယ်ဆေးများ အချိန်မီထိုးနှံရေး၊ အသက် ၁၈ နှစ်မှ ၄၄ နှစ် အုပ်စုများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးရေး တို့ကို ဦးစားပေး လုပ်ဆောင်သွားရန် ဆင်းဂ်က တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ကိုဗစ်နှင့် သက်ဆိုင်သည့် အချက်အလက်များကို အုပ်ချုပ်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် တင်ရေးနှင့် စစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်ရေး၊ ကူးစက်မှုနှုန်းမြင့်သည့် နယ်မြေများတွင် သတိပေးလှုံ့ဆော်ရေး လုပ်ငန်းများကို ဆောင်ရွက်ရေးတို့အတွက်လည်း သီးခြားလမ်းညွှန်ချက်များ ပေးခဲ့သည်။

အသက်အရွယ်အုပ်စုအမျိုးမျိုးတွက် ကာကွယ်ဆေးထိုးမည့်အစီအစဉ်များ၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိရောက် ထိန်းချုပ်ရန် ဆောင်ရွက်မည့် အစီအစဉ်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ လက်ရှိလုပ်ဆောင်ချက်များကိုလည်း ဒုတိယ အုပ်ချုပ်ရေးမှူးက မေးမြန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly