သတင်းမီဒီယာဥပဒေကိုပြင်ဖို့ပြန်ကြိုးစားမယ်လို့ကောင်စီအဖွဲ့ဝင်ပြော

သတင်းမီဒီယာဥပဒေကိုပြင်ဖို့ပြန်ကြိုးစားမယ်လို့ကောင်စီအဖွဲ့ဝင်ပြော
စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များ ကတိသစ္စာပြုပြီးနောက် သမ္မတအပါအဝင် ဒုတိယသမ္မတနှစ်ဦးဖြင့် အမှတ်တရဓါတ်ပုံရိုက်ခံစဉ်။ ဓါတ်ပုံ။ မင်းမင်း။
 

ရန်ကုန်၊ ဒီဇင်ဘာ ၁၂။          ။အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက သတင်းမီဒီယာဥပဒေကို ပြင်ဆင်ဖို့ ပြန်လည် ကြိုးပမ်းသွားမည်ဟု ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ဒီဇင်ဘာ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။

"မီဒီယာဥပဒေတစ်ခုတည်းမဟုတ်ဘူး မီဒီယာနဲ့ပက်သက်တဲ့ တစ်ခြားသောဥပဒေတွေ၊ သတင်းမီဒီယာ ဥပဒေမှာလည်း ကျွန်တော်တို့အရင်ကမအောင်မြင်လိုက်တဲ့ ဟာတွေကို ပြန်ပြင်ဆင်ဖို့လို အပ်တဲ့ဟာကို ပြင်မယ် ကောင်စီရဲ့အခြေခံမူအရလုပ်မယ်။" ဟု ၎င်းကဆိုသည်။

သတင်းမီဒီယာဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ခုနှစ်၊ မတ်လ ၁၄ရက်တွင် ပြဌာန်းခဲ့သည်။

ယင်းဥပဒေအတွက် ပြင်ဆင်ခဲ့ရာတွင် ပြင်ဆင်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေကြမ်းကို ၎င်းတို့ ကိုယ်တိုင်သာ လွှတ်တော်ကော်မတီသို့တင်သွင်းခြင်း၊ လက်ရှိသတင်းမီဒီယာဥပဒေပါကောင်စီဖွဲ့ စည်းရေး၊ စသည့်အချက်များအပါအဝင် ဥပဒေ ပြဌာန်းချက် အချို့အပေါ် ယခင်စာနယ်ဇင်းကောင်စီ(ယာယီ) နှင့် ပြန်ကြားရေး သဘောထားကွဲလွဲခဲ့ကြသည်။

ဥပေဒပြင်ဆင်ရေးအပြင်၊ တိုင်ကြားမှုများအပေါ်တွင်လည်း ကြားနာဖြေရှင်းပေးခြင်းအပြင် မှတ်ချက်ပြုအသိ ပေးခြင်း၊ ကောင်စီအတွင်းအစိုးရ၏လွှမ်းမိုးမှုများကို မပါရှိနိုင်ရေးအတွက် ဆောင်ရွက်ရန် စဉ်းစားပြင်ဆင် ထားသည်ဟုလည်း ဦးမြင့်ကျော်ကဆိုသည်။

ပြန်လည်ဖွဲ့စည်းခဲ့သည့် စာနယ်ဇင်းကောင်စီ၏ ဦးစားဆောင်ရွက်သင့်သည့် အကြောင်းအရာနှင့်ပက်သက်ပြီး Daily Eleven သတင်းစာအယ်ဒီတာချုပ် ဦးဝေဖြိုးက "လောလောဆယ်ကျွန်တော်အမှန်အတိုင်းပြောချင်တာ တစ်ခုပဲရှိတယ်။ အခုစာနယ်ဇင်းကောင်စီနဲ့ပက်သက်ပြီးတော့ လောလောဆယ်မှာဘာမှကိုမပြောချင်တာပြောဖို့ လိုတဲ့အချိန်အခါရောက်လာရင်တော့ပြောမှာပေါ့" ဟုဖြေကြားသည်။

စာနယ်ဇင်းကောင်စီဖွဲ့စည်းမှု၊ ပါဝင်သည့်အဖွဲ့ဝင်စသည့်အကြောင်းအရာများနှင့် ပက်သက်ပြီးလည်း သတင်း မီဒီယာများအကြား အမြင်ကွဲပြားမှုများရှိနေသည်။

စာနယ်ဇင်းကောင်စီ၏ ဦးစားပေးလုပ်ဆောင်သင့်သည့် အချက်နှင့်ပက်သက်ပြီး မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်မင်းကလည်း "မီဒီယာလွတ်လပ်ခွင့်ကမရသေးဘူး။ စစ်မှန်တဲ့လွတ်လပ်ခွင့်မရ သေးရင်တော်မီဒီယာတွေကိုစွပ်စွဲနိုင်တဲ့ ဥပဒေပါ ပုဒ်မတွေနဲ့ပက်သက်ပြီး ပြင်ဆင်သင့်တယ်။ အခုရုပ်သံမီဒီယာ တွေလုံးဝမရသေးဘူး။အဲဒါတွေမြန်မြန်ရနိုင်ဖို့လည်း ကြိုးစားသင့်တယ်" ဟု ဆိုသည်။

ဦးသိန်းစိန် အစိုးရကလက်ထက်တွင်ပင် နိုင်ငံတော်အကြည်ညိုပျက်စေမှုကဲ့သို့ ပြစ်မှုဆိုင်ရာဥပဒေများဖြင့် သတင်းသမား ၁၀ဦးခန့်ကို တရားစွဲဆိုအရေးယူထားသေးသည်။

စာနယ်ဇင်းကောင်စီဥက္ကဌ ဦးခင်မောင်လေး အပါအဝင်အဖွဲ့ဝင် ၂၃ဦးတို့က ဒီဇင်ဘာ ၁၁ရက်နေ့၊ သမ္မတ အိမ်တော်သဘင်ဆောင်၌ သမ္မတဦးသိန်းစိန်အရှေ့တွင် သတင်းမီဒီယာနည်းဥပဒေအရ ကတိသစ္စာပြုခဲ့ ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags