ထားဝယ်မြို့ပေါ်တွင် ရဲတပ်ဖွဲ့၀င်သေနတ်ပစ်ခံရ

ထားဝယ်မြို့ပေါ်တွင် ရဲတပ်ဖွဲ့၀င်သေနတ်ပစ်ခံရ

ဩဂုတ်လ ၁၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်တစ်ဦးဖြစ်သည့် အသက် ၃၀ ကျော်အရွယ် ဦးအောင်ဇင်ဌေးသည်  ဩဂုတ် ၁၁ ရက်  ညနေ ၅ နာရီခန့်အချိန်တွင် သေနတ်ပစ်ခတ်ခံခဲ့ရသည်။

"ညနေ၅နာရီ‌လောက်က ဒေါင်းငူရပ်ကွက်၊ထက်လင်းဗီဒီယိုရုံဟောင်း အနီးမှာ အပစ်ခံရတာပါ၊ သူကဘာရာထူးလဲတော့မသိဘူး ၊ နောက်ကျောကို သုံးချက်မှန်တယ်ကြားတယ်၊ ဆေးရုံတင်ထားတယ်လို့တော့ သတင်းရတယ်" ဟု ဒေသခံတစ်ဦးက ဖြစ်စဉ်ကို ပြောသည်။ 

အဆိုပါ ရဲတပ်ဖွဲ့၀င်အား ပစ်ခတ်ခဲ့သည်မှာ ထားဝယ်မြို့တွင် ဖွဲ့စည်းထားသည့် Guerrilla Dawei ၏ လက်ချက်ဖြစ်ကြောင်း ယင်းအဖွဲ့က ဩဂုတ် ၁၁ရက်တွင် ထုတ်ပြန်သည်။

Guerrilla Dawei အဖွဲ့သည် လက်နက်ကောင်းစွာ မရှိခြင်းကြောင့် ပစ်မှတ်၏ကျောဘက်တွင်ကျည် သုံးချက် ထိမှန်သော်လည်း ပစ်မှတ်မှာ ကံ​ကောင်းစွာဖြင့် အသက်ရှင်နေသေးသည်ကို သိရှိထားရကြောင်း၊ အဆိုပါ စစ်ကောင်စီအဖွဲ့၀င်သည် ထားဝယ်မြို့တွင်း သပိတ်စစ်ကြောင်းများ၊သပိတ်ခေါင်းဆောင်အများအပြားအား စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခြင်း ၊ ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ရန်အတွက် ထောက်လှမ်းသတင်းပေးနေသည့်အပြင် ဆန္ဒပြလူငယ်များအား ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးရာတွင် ပါဝင်သည့် စစ်ကောင်စီလက်ပါးစေ (ဒလံ အကြီးစား)တစ်ဦးဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိထားခြင်းကြောင့် ထိုကဲ့သို့ သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည် ဟုထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ 

Guerrilla Dawei သည် ​မြို့ပြ​‌ပြောက်ကျားစစ်ဆင်ရေးနှင့် သတင်းပေး(ဒလံ)များအား အမြစ်ပြတ်‌ချေမှုန်းနိုင်ရေး လှုပ်ရှား​နေသောအဖွဲ့စည်းတစ်ခုဖြစ်ကြောင်းသိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်းများအား ​ထိခိုက်ဆုံးရှုံး‌စေရန် ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်ကောင်စီကျွန်များ၊ ဒလံများ၊ ပျူစောထီးအဖွဲ့များ၊မဘသများ စသည့်အဖွဲ့စည်း လူပုဂ္ဂိုလ်မှန်သမျှအား Guerrilla Dawei အဖွဲ့မှ ရှင်းလင်းသုတ်သင်နိုင်ရန် အမြဲကြိုးစားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သတိပေးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly