အိန္ဒိယက လေယာဉ်တင်သင်္ဘောနှင့် စစ်ဆင်ရေးတပ်ဖွဲ့များဖြင့် စစ်အင်အား တိုးမြှင့်

By France 24
11 August 2021
အိန္ဒိယက လေယာဉ်တင်သင်္ဘောနှင့် စစ်ဆင်ရေးတပ်ဖွဲ့များဖြင့် စစ်အင်အား တိုးမြှင့်

အိန္ဒိယက ပြည်တွင်းလုပ် လေယာဉ်တင်သင်္ဘောတစ်စင်းကို ပင်လယ်ပြင်၌ စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သလို အမေရိကန်အပါအဝင် အခြားမဟာမိတ်နိုင်ငံများနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ရန်လည်း စစ်ဆင်ရေးတပ်ဖွဲ့များကို စေလွှတ်ထားသည်။

ဩဂုတ်၄ ရက် နိုင်ငံတောင်ပိုင်း ကာရာလာ ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်တွင် စမ်းသပ်မှုများကို စတင်ခဲ့သည့် INS Vikrant သည် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် စတင်အသုံးပြုသည့် လေယာဉ်တင်သင်္ဘောဖြစ်သည်။

အိနိ္ဒယသည် ကိုယ်ပိုင်ဒီဇိုင်းဖြင့် လေယာဉ်တင်သင်္ဘောတည်ဆောက်နိုင်သည့် နို်ငငံဖြစ်လာပြီဖြစ်ကာ အစိုးရ၏ 'Make in India' အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်ဟု အိန္ဒိယ ရေတပ်က ထုတ်ပြန်ထားသည်။

အရှည် ၂၆၂ မီတာ (ပေ ၈၆၀) ရှည်လျားသည့် အဆိုပါ သင်္ဘောကို ၂၀၀၄ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဆိုဗီယက်၏ Admiral Gorshkov အား အမည်ပြောင်းထားသော INS Vikramaditya နှင့် အတူ အသုံးပြုသွားမည်ဖြစ်သည်။

အခြား သင်္ဘော ၄၄ စင်းနှင့် ရေငုပ်သင်္ဘောများကိုလည်း ပြည်တွင်း၌ပင် ဆက်လက် ထုတ်လုပ်နေကြောင်း ရေတပ်က ထုတ်ပြန်ထားသည်။

အိန္ဒိယက ရှေးယခင်ကပင် လွှမ်းမိုးလာခဲ့သည့် အိနိ္ဒယသမုဒ္ဒရာတွင် ကြီးစိုးနိုင်ရန် တရုတ်နိုင်ငံကလည်း တတိယမြောက် လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေပြီဖြစ်သည်။

အရှေ့တောင်အာရှ၊ တောင်တရုတ်ပင်လယ်နှင့် အနောက်ပစိဖိတ်ဒေသတို့တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဩစတြေးလျ၊ အမေရိကန်တို့နှင့်အတူ ၂ လကြာ စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ရန် အိန္ဒိယရေတပ်က သင်္ဘော ၄စင်းပါဝင်သည့် စစ်ဆင်ရေးအဖွဲ့ကို ပို့ဆောင်ထားသည်။

အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျနှင့် အမေရိကန်တို့သည် တရုတ်၏ အန္တရာယ်ကို ကာကွယ်ရန် QUAD အဖွဲ့ကို ဖွဲ့စည်းထားသည်။

ယခုနှစ်အတွင်း အိန္ဒိယသည် ပြင်သစ်နှင့် ရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခုကိုလုပ်ဆောင်ခဲ့သလို ပြီးခဲ့သည့်လအတွင်းကလည်း ဗြိတိန်နိုင်ငံမှ လေယာဉ်တင် သင်္ဘောသစ် HMS Queen Elizabeth ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်ခဲ့သည်။

အိန္ဒိယသည် အိနိ္ဒယသမုဒ္ဒရာအတွင်းရှိ မောရိရှကျွန်းစုတွင်ရေတပ်စခန်းတစ်ခု တည်ဆောက်ဖွယ်ရှိကြောင်း ဂြိုဟ်တုဓာတ်ပုံ၊ဘဏ္ဍာရေးအချက်အလက်နှင့် မြေပြင်အထာက်အထားများကို ကိုးကား၍ အယ်လ်ဂျာဇီးယား သတင်းဌာနက ယခုသီတင်းပတ်အတွင်း ဖော်ပြခဲ့သည်။

လေယာဉ်ပြေးလမ်းနှင့် အာဂါလီဂါကျွန်း၌ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေသော်လည်း စစ်ရေးအတွက် အသုံးပြုရန် မဟုတ်ကြောင်း မောရိရှနိုင်ငံက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသတင်းအပေါ် မှတ်ချက်ပေးမထားပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly