ပရဟိတသမားကို ဖမ်းမမိ၍ ၎င်း၏မိသားစုဝင်များထံကငွေနှင့်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ လုယူ

ပရဟိတသမားကို ဖမ်းမမိ၍ ၎င်း၏မိသားစုဝင်များထံကငွေနှင့်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ လုယူ

ဩဂုတ် ၁၁

စစ်ကောင်စီတပ်က အလိုရှိနေသော ရေဦးမြို့နယ်တွင်းက ပရဟိတခေါင်းဆောင်တစ်ဦးကို ဖမ်းမမိသည့်နောက် ၎င်း၏ဆွေမျိုးသားချင်းများထံမှ ငွေနှင့်ပစ္စည်းများ လုယက်သွားကြမှု့သြဂုတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊ပင်စိမ်းကင်းရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ါအမာခံတစ်ဦးလည်းဖြစ်သူ ကိုလှသန်းကို စစ်ကောင်စီတပ်က အင်အား ၄၀ ခန့်ဖြင့် ဖမ်းဆီးရန်ကြိုးစားခဲ့သည်။ သို့သော် ကိုလှသန်းကိုမတွေ့သည့်နောက် ၎င်း၏အဖေဖြစ်သူအိမ်သွားရောက်ကာ အိမ်ပေါ်ရှိ ပိုက်ဆံနှင့်ပစ္စည်းတစ်ချို့ ယူဆောင်သွားသည်။ ထို့အပြင် ညီတော်စပ်သူအိမ် ထပ်မံ သွားရောက်ရှာဖွေကာ ပိုက်ဆံနှင့် ပစ္စည်းတစ်ချို့ ထပ်မံ ယူဆောင်သွားခဲ့ပြန်သည်။

ယူသွားခဲ့သော ငွေနှင့်ပစ္စည်းတန်ဖိုးစုစုပေါင်း ကျပ် ၁၅သိန်းခန့်ရှိသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

"စစ်တပ်လာတာ ကျွန်တော်တို့ရွာက NLD အမာခံလည်းဖြစ်၊လိုလျှင်ယူ ပိုလျှင်လှူ ကူညီနေတဲ့ ကျေးရွာပရဟိတခေါင်းဆောင်လည်းဖြစ်တဲ့ ကိုလှသန်းကို လာဖမ်းတာတဲ့‌ဗျ။သူ့ကိုမတွေ့တော့ သူအိမ်ကိုဝင်ရှာတယ်။တွေ့တဲ့ပိုက်ဆံ၊TV တွေအပြင်ကို မီးကော်မတီဆိုတော့ လျှပ်စစ်ပစ္စည်းတွေပါယူသွားကြတယ်"ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သားများ ဝင်ရောက်လာချိန်တွင် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်သည့်အတွက် သက်ကြီးရွယ်အိုနှင့် ကလေးများထိတ်လန့်ပြီး အချို့မှာ ရွာကိုစွန့်၍ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

ရေဦးမြို့နယ်၊ပင်စိမ်းကင်းရွာသည် မူးမြစ်၏ အရှေ့ဘက်တွင် တည်ရှိပြီး ခင်ဦးမြို့နယ်၊မုံလှရွာနှင့်ထိစပ်လျှက်ရှိသော ရွာဖြစ်သည်။

အဆိုပါ မုံလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် (အသက် ၄၄ နှစ်) သည် ဩဂုတ်လ ၇ ရက်က အသတ်ခံရသည့်အတွက် အနီးဝန်းကျင်ရှိ ပင်စိမ်းကင်းရွာသို့ လာရောက် ခိုလှုံသူများ ရှိနိုင်ကြောင်း စစ်ကောင်စီက ယူဆသည့်အတွက် ယခုကဲ့သို့ဖြစ်ပွားရကြောင်း ဒေသခံများက သုံးသပ်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required