အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသား ၈,၄၀၀ ကျော် နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခဲ့ဟု အိန္ဒိယဗဟိုအစိုးရ ပြော

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသား ၈,၄၀၀ ကျော် နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခဲ့ဟု အိန္ဒိယဗဟိုအစိုးရ ပြော

ဩဂုတ် ၁၀

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားစုစုပေါင်း ၈,၄၈၆ ဦး နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခဲ့ကြောင်း အိန္ဒိယဗဟိုအစိုးရက သြဂုတ် ၉ ရက်တွင် ပြောသည်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး အေဂျေး ဘတ်က အထက်လွှတ်တော်၌ မေးခွန်းမေးမြန်းမှုကို ဖြေကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၈,၄၀၀ ကျော်အနက် ၅,၇၉၆ ဦးကို ပြန်နှင်လွှတ်ထားခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် အိန္ဒိယတွင် မြန်မာနိုင်ငံသား/ ဒုက္ခသည် ၂,၆၉၀ ဦး ရှိနေဆဲဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလက စစ်တပ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ၏ အခြားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းယူခဲ့ပြီးနောက် လများအတွင်း အိန္ဒိယ၏ နယ်စပ်များတစ်လျှောက် စိမ့်ဝင်ထိုးဖောက်ဝင်ရောက်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အေဂျေးဘတ်က ထုတ်ဖော်သွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာမူ  နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Human Rights Watch က မီဒီယာသတင်းဖော်ပြချက်များကို ကိုးကား ထုတ်ဖော်ခဲ့ရာတွင် မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသား ၁၆,၀၀၀ ခန့်အထိ အိန္ဒိယ၏ မဏိပူရ်၊ အာရန်နာချယ် ပရာဒက်ရှ်၊ မီဇိုရမ် နှင့် နာဂလန်း ပြည်နယ်တို့ဆီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ထားခဲ့သည်ဟု ထုတ်ဖော်ခဲ့သည်။

ထို့ပြင် အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့များသည် မြန်မာနိုင်ငံမှ ရောက်ရှိလာသူများကို ပြန်နှင်လွှတ်ထားခဲ့ခြင်း မရှိသလို အိန္ဒိယ အရှေ့မြောက် ပြည်နယ်များကလည်း ၎င်းတို့ကို ဖေးမကူညီပေးလိုသည့် စိတ်ဆန္ဒများ ရှိခဲ့ကြောင်း အဆိုပါ နိုင်ငံတကာအဖွဲ့အစည်းက ဖော်ပြသည်။ သို့သော် ဒုက္ခသည်များ၏  အခြေအနေနှင့်ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရထံမှ ရှင်းလင်းပြတ်သားမှု မရှိခဲ့ဟု အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းက ပြောသည်။

တချိန်တည်းမှာပင် အိန္ဒိယတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံကနေ နိုင်ငံ‌ရေးခိုလှုံခွင့် တောင်းသူများအားလုံးကို ပြန်လွှတ်ပေးရန်လည်း အိန္ဒိယအစိုးရကို Human Rights Watch အဖွဲ့က တောင်းဆိုထားခဲ့သည်။ သို့သော် အိန္ဒိယတွင် မြန်မာဒုက္ခသည်ဦးရေ မည်မျှ ထိန်းသိမ်းခံထားခဲ့ရသည် ဆိုသည်ကို ဗဟိုအစိုးရက တိတိကျကျ ပြောဆိုထားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly