အောင်စီဂျင်စက် သယ်ယူပေးသည့် စစ်ကောင်စီအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောသူ ၂ ဦးကို ပုသိမ် PDF က သတိပေး

အောင်စီဂျင်စက် သယ်ယူပေးသည့် စစ်ကောင်စီအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောသူ ၂ ဦးကို ပုသိမ် PDF က သတိပေး

ဩဂုတ် ၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အောက်ဆီဂျင် စက်ရုံအတွက် ပထမဦးဆုံး ရောက်ရှိလာသည့် အောက်ဆီဂျင်ထုတ် စက်အတွက် စစ်တပ်အပေါ် ကျေးဇူးတင်ကြောင်း စကားဆိုခဲ့သူ We Love Pathein အဖွဲ့က တာဝန်ရှိသူ နှစ်ဦးကို ပုသိမ် PDF က သတိပေးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ခံ PDF အဖွဲ့က We Love Pathein အဖွဲ့ တာဝန်ရှိသူ နှစ်ဦး၏ အမည်ကို စာရွက်ပေါ်တွင် ချရေးကာ အမည်နှင့်တကွ ရေးသားဖော်ပြပြီး ကျည်ဆံနှစ်တောင့်နှင့်အတူ သတိပေးခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မြို့ခံ လူထုထံတွင် ကောက်ခံရရှိထားသည့် စုပေါင်းအလှူငွေများဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီး ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းမှာ ပုသိမ်မြို့ကို ရောက်ရှိလာသည့် အောက်ဆီဂျင်စက်အတွက် သယ်ယူပို့ဆောင်ရေး ကူညီပေးခဲ့သည့် စစ်တပ်ကို ကျေးဇူးတင်ကြောင်း We Love Pathein အဖွဲ့က ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကျေးဇူးတင်ကြောင်း ပြောကြားချက်အပေါ် ပုသိမ်မြို့ခံလူထုက အပြင်းအထန် ဝေဖန်ကန့်ကွက်ခဲ့ကြပြီးနောက် We Love Pathein အဖွဲ့တာဝန်ရှိသူ နှစ်ဦး သတိပေးခံလိုက်ရခြင်းလည်း ဖြစ်သည်။

We Love Pathei အဖွဲ့က လက်ရှိ ဖြစ်ပေါ်နေသော အခြေနေတွင် စက်အမြန်ရောက်ရှိရေး ၊ နယ်မြေဒေသအတွင်း သယ်ဆောင်ရာတွင် လုံခြုံမှု ရှိရေးအတွက် မဖြစ်မနေ အကူညီရယူခဲ့ရခြင်းများရှိကြောင်း နောက်ပိုင်းတွင် ပြန်လည်ဖြေရှင်း ထားသည်ကို တွေ့ရသည်။

လက်ရှိမှာ ပုသိမ်မြို့ခံများ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံတွင် ယနေ့ ဩဂုတ်လ ၉ ရက်နေ့က စတင်ပြီး အောက်ဆီဂျင်အိုးများကို အောက်ဆီဂျင် ဖြည့်တင်းပေးနေပြီဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့တွင် COVID -19 တတိယလှိုင်းအတွင်း ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့အထိ တစ်လကျော်ကြာ ကာလအတွင်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သူ ၉၅၉ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required