တရုတ်နှင့် ပါကစ္စတန်စီးပွားရေး စင်္ကြန်၏ စီမံကိန်းများ ရပ်ဆိုင်းထား

တရုတ်နှင့် ပါကစ္စတန်စီးပွားရေး စင်္ကြန်၏ စီမံကိန်းများ ရပ်ဆိုင်းထား

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) စီမံကိန်း အောက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအပါအဝင် လုပ်ငန်းအများအပြားကို လက်ရှိဖြစ်ပွားနေသည့် ကပ်ရောဂါနှင့် အခြားအကြောင်းများကြောင့် ဆိုင်းငံ့ထားသည်။

ဒေါ်လာ ဘီလျံများစွာ ကုန်ကျမည့် CPEC စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှုတွင် လွန်ခဲ့သော ၃ နှစ်အတွင်းက စီမံကိန်းများကို မပြီးပြတ်ခဲ့သလို အဆိုပါ စင်္ကြန်စီမံကိန်းအကောင်အထည်ဖော်သည့် ပထမ အဆင့်တွင် ပါဝင်သော လျှပ်စစ်ဓာတ်အားနှင့် အခြား အခြေခံအဆောက်အဦ စီမံကိန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်မလုပ်ဆောင်နိုင်တော့ကြောင်း Dawn သတင်းဌာနကဖော်ပြခဲ့သည်။

CPEC အောက်တွင် လုပ်ဆောင်နေသည့် မဂ္ဂါဝပ် ၃၆၀၀ ထွက်ရှိမည့် ဓာတ်အားပေး စီမံကိန်း ၅ ခုအတွက် လုပ်ငန်းဆောင်ရွက်မှု သတ်မှတ်ရက်များ (CODs) ကို တစ်လအတွင်း သက်တမ်းတိုးရန် သင့်တော်သော လုပ်ငန်းစဉ်မူဘောင်တစ်ခုကို အဆုံးသတ်ထုတ်ပြန်ရန် ပါကစ္စတန်-တရုတ် ဆက်ဆံရေး ဦးဆောင်ကော်မတီ က ဩဂုတ် ၂ ရက်တွင် ပြုလုပ်သည့် အစည်းအဝေး၌ ညွှန်ကြားလိုက်သည်။

ယင်းအစည်းအဝေးကို ဦးဆောင်ကျင်းပသည့် စီမံကိန်းဝန်ကြီး အာဆက်အူမာက မာတီအာရီမှ လာဟိုးအထိ ၆၆၀ ကီလိုဗို့ ဓာတ်အားလိုင်းကို စက်တင်ဘာ ၁ ရက်မှစ၍ လုံလောက်သည့် ဓာတ်အား ပို့လွှတ်နိုင်ရေးအတွက် လမ်းညွှန်ခဲ့သည်။

အခြားလမ်းစီမံကိန်း ၂ ခုကိုလည်း အပြီးသတ်နိုင်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်ရန်လည်း ၎င်းက ဆက်သွယ်ရေးဝန်ကြီးဌာနကို မှာကြားခဲ့သည်။ စက်မှုလုပ်ငန်း မူဘောင်သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရန် ကြန့်ကြာနေမှုများကိုလည်း အစည်းအဝေးသို့ တင်ပြခဲ့သည်။

အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကုန်ကျမည့် ပိုးလမ်းမရပ်ဝန်းအစီအစဉ်သစ် (BRI) ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် အစီအစဉ်ကို ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေး ပါတီများက ဆန့်ကျင်ကန့်ကွက်လျှက်ရှိကြသည်။

ပါကစ္စတန်ပြည်သူများကလည်း တရုတ်ဦးဆောင်၍ ရင်းနှီးမြှုပ်နှံသည့် ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းများအပါ် ကန့်ကွက်နေကြသည်။ အကြွေးထောင်ချောက်၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ရန်လိုသည့် သံခင်းတမန်ခင်း၊ တရုတ် အလုပ်သမားအများအပြားကို အသုံးပြုနေခြင်း စသည့်အကြောင်းအရာများအပေါ် စိုးရိမ်ပူပန်မှုကြောင့် အများပြည်သူများက ကန့်ကွက်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly