တရုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးက အစမ်းသပ်ခံများတွင် လုံလောက်သည့် ပဋိပစ္စည်းများ ထွက်လာစေခြင်းမရှိဟု လေ့လာချက်တွင် တွေ့ရှိ

တရုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးက အစမ်းသပ်ခံများတွင် လုံလောက်သည့် ပဋိပစ္စည်းများ ထွက်လာစေခြင်းမရှိဟု လေ့လာချက်တွင် တွေ့ရှိ

တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ မိမိသဘောဆန္ဒအလျောက် အစမ်းသပ်ခံသည့် သက်ကြီးပုဂ္ဂိုလ်များဖြင့် စမ်းသပ်ခဲ့ရာတွင် ထို ကာကွယ်ဆေးက စမ်းသပ်ခံသက်ကြီးများ၏ လေးပုံတစ်ပုံတွင် လုံလောက်သည့် ပဋိပစ္စည်းများကို ထွက်လာစေနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း အတိုက်အခံ ဦးဆောင်သည့် ဘူဒါပတ်စ် မြို့တော်စည်ပင်သာယာရုံးက ပြုလုပ်သည့် လေ့လာချက်တစ်ရပ်အရ သိရသည်။

၀န်ကြီးချုပ် ဗစ်တာ အော်ဘန် ဦးဆောင်သော ဟန်ဂေရီ အစိုးရက ယခုအပတ်ထဲ ထိုတရုတ်ကာကွယ်ဆေးကို တောင်းဆိုသည့် မည်သူမဆိုအတွက် တတိယအကြိမ် ထိုးနှံမှု လုပ်ဆောင်ပေးမည်ဟု စတင် ကမ်းလှမ်းနေခဲ့စဥ် ထို ရလဒ်များ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဟန်ဂေရီ အစိုးရသည် နိုင်ငံတွင် သက်ကြီးများကို Sinopharm ကာကွယ်‌ဆေးပုလင်းများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးထားမှုအတွက် အတိုက်အခံတို့၏ ဝေဖန်မှုကို ရင်ဆိုင်ထားခဲ့ရသည်။

ပီရူး နိုင်ငံပြီးနောက် တစ်ဦးချင်းအရ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးလယ်ဗယ် ရှိထားခဲ့သည့် ဟန်ဂေရီနိုင်ငံသည် ကိုဗစ်-၁၉ ကို တိုက်ဖျက်ရန် Sinopharm ကာကွယ်ဆေးကို ဖြန့်ကျက်အသုံးပြုထားခဲ့သည့် တစ်ခုတည်းသော အီးယူနိုင်ငံ ဖြစ်သည်။

အသက်အရွယ် ပေါင်းစုံကို ကိုယ်စားပြုခြင်း မရှိသည့် ယခုလေ့လာချက်သည် အနည်းဆုံး အသက် ၆၀ နှစ် ရှိသည့် လူပေါင်း ၁၃,၅၂၄ ဦးဖြင့် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အနက် ထက်၀က်ကျော်ကို Sinopharm ကာကွယ်ဆေးဖြင့် ထိုးနှံပေးထားခဲ့သည်။

ရလဒ်များအရ အဆိုပါ ကာကွယ်ဆေးထိုးနှံ စမ်းသပ်ခံသူများ၏ ၂၅ ဒသမ ၉ ရာခိုင်နှုန်းသည် အနိမ့်ဆုံး ပဋိပစ္စည်း လယ်ဗယ်ဖြစ်သည့် ၅၀ AU/ml လယ်ဗယ် ရရှိခဲ့ခြင်း မရှိသည်ကို ပြသနေသည်။ ယင်းကို ရုရှား၏ Sputnik V ကာကွယ်ဆေးထိုးနှံခံသူများအတွက် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ Pfizer-BioNtech အတွက် ၁ ဒသမ ၆ ရာခိုင်နှုန်း နှင့် Moderna အတွက် ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဥ်နိုင်သည်။

Sinopharm ကာကွယ်ဆေး၏ ပဋိပစ္စည်း ထွက်ပေါ်စေနိုင်စွမ်းသည် အသက်အပိုင်းအခြားအရ အဆင့်ဆင့် ပိုပြီး ဆိုးထားခဲ့ပြီး အနိမ့်ဆုံး ပဋိပစ္စည်း လယ်ဗယ် မရရှိခဲ့သည့် ကာကွယ်ဆေးထိုးနှံခံသူရာခိုင်နှုန်းသည် အသက် ၈၀ နှစ်နှင့်အထက် အသက်အပိုင်းအခြား ရှိသူများတွင် ၃၄ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းကို ရလဒ်များက ပြသနေသည်။

ကနဦးပိုင်းက Pfizer နှင့် Moderna ကာကွယ်ဆေးများ ၀ယ်ယူမှုအပိုင်း အရှိန်နှေးကွေးခဲ့ခြင်းကြောင့် တရုတ်နှင့် ရုရှားထံမှ ကာကွယ်ဆေးများကို ၀ယ်ယူရခြင်း ဖြစ်သည်ဟု ဟန်ဂေရီ အစိုးရက ပြောခဲ့သည်။ ယင်းနိုင်ငံသည် AstraZeneca နှင့် Janssen ကာကွယ်ဆေးများကိုလည်း အသုံးပြုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly