တရုတ်က ဒုံးကျည်ပစ်သည့်နေရာတစ်ခုကို ထပ်မံ တည်ဆောက်နေ

By The Hong Kong Post
09 August 2021
တရုတ်က ဒုံးကျည်ပစ်သည့်နေရာတစ်ခုကို ထပ်မံ တည်ဆောက်နေ

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် မြေအောက် ဒုံးကျည်ပစ်သည့် နေရာတစ်ခုကို တည်ဆောက်ရာတွင် ပစ်စင်ပေါင်း ၁၁၀ နီးပါးရှိပြီး ဇူလိုင်လအတွင်းကလည်း ဂန်စူးပြည်နယ်တွင် ပစ်စင်ပေါင်း ၁၂၀ ကို ဂြိုဟ်တုဓာတ်ပုံများမှ တွေ့ရှိခဲ့ရသည်။

သမ္မတရှီကျင့်ဖျင်၏ လက်ထက်တွင် တရုတ်အစိုးရက စစ်အင်အားကို ခေတ်မီသာလွန်အောင် လုပ်ဆောင်နေသကဲ့သို့ ၎င်း၏ နျူကလီးယားလက်နက်အရေအတွက်ကိုလည်း ပိုမိုများပြားအောင် လုပ်ဆောင်လျှက်ရှိသည်။

ကီလိုမီတာ ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ရောက်ရှိနိုင်သည့် DF-41 ICBMs ဒုံးကျည်များအား ပစ်ခတ်နိုင်သည့် အဆိုပါ ဒုံးကျည်ပစ်စင်ကို အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်၏ နျူကလီးယားသတင်းအချက်အလက် စီမံကိန်း သုတေသနပညာရှင်အသင်း Matt Korda က ဂြိုဟ်တု ဓာတ်ပုံများမှတစ်ဆင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရှင်ကျန်းပြည်နယ်အရှေ့ပိုင်း ဟာမီမြို့အနီးတည်ရှိသည့် နောက်ဆုံးတွေ့ရှိထားသော အဆိုပါ ဒုံးကျည်ပစ်လွှတ်သည့်နေရာသည် ယူမန်မြို့အနီး အနောက်မြောက်ဖက် ကီလိုမီတာ ၃၈၀ အကွာတွင် တည်ရှိသည်။ မတ်လက စတင်ခဲ့သည့် ယင်းတည်ဆောက်ရေး စီမံကိန်းသည် များစွာ မပြီးစီးသေးသော်လည်း အလျင်အမြန်လုပ်ဆောင်နေကြောင်း တွေ့ရှိရသည်။

ပစ်စင် ၁၄ ခုကျော်အတွက် ပေါင်းမိုးများ တည်ဆောက်ထားပြီး နောက်ထပ်စင်များ တည်ဆောက်ရန် မြေရှင်းလင်းထားသည့် ၁၉ နေရာကိုလည်း ဂြိုဟ်တုဓာတ်ပုံများတွင် မြင်တွေ့ရသည်။ အရေးကြီးသည့် တည်ဆောက်ရေး လုပ်ငန်းများပြီးစီးပါက အဆိုပါ ပေါင်းမိုးများကို ဖယ်ရှားပစ်မည်ဖြစ်သည်။

အကွက်ချထားသည့် နေရာများအရ မြေအကျယ်အဝန်း ၈၉၉ စတုရန်း ကီလိုမီတာပေါ်တွင် ဒုံးကျည်ပစ်စင် ၁၁၀ အား ၃ ကီလိုမီတာစီခွာ၍ တည်ဆောက်လိမ့်မည်ဖြစ်ကာ ယူမန်တွင် တည်ဆောက်ထားသည့် ပုံစံနှင့် အလားတူ ဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရသည် မွန်ဂိုလီးယားအတွင်းပိုင်း ဒေသရှိ ကျိလန်တိုင်းမြို့မှ PLARF လေ့ကျင့်ရေးဧရိယာတွင် DF-41 ပစ်စင် ၁၆ ခုထက်မနည်းကို တည်ဆောက်လျှက်ရှိရာ DF-5 ပစ်စင်အသစ်အပါအဝင် ပစ်စင် စုစုပေါင်း ၂၅၀ ကို တည်ဆောက်လျှက်ရှိသဖြင့် လက်ရှိ ပစ်စင်အရေအတွက်ထက် ၁၀ ဆကျော် ပိုမိုများပြားလျှက်ရှိသည်။

အဆိုပါ ဒုံးကျည်ပစ်စင်များ ပြီးစိးပါက တရုတ်သည် ရုရှားထက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်စင် အရေအတွက်များပြားလာကာ အမေရိကန်နိုင်ငံ၏ ထက်ဝက်နည်းပါးအထိရှိလာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly