ကိုဗ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ဝူဟန် ဓာတ်ခွဲခန်းမှ စိမ့်ထွက်ခဲ့သည်ဟု အမေရိကန် ရီပတ်ပလစ်ကင်အမတ်တစ်ဦး၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြ

ကိုဗ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ဝူဟန် ဓာတ်ခွဲခန်းမှ စိမ့်ထွက်ခဲ့သည်ဟု အမေရိကန် ရီပတ်ပလစ်ကင်အမတ်တစ်ဦး၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြ

ကိုဗစ်-၁၉ ရောဂါ၏ မူလဇစ်မြစ်အား စုံစမ်းစစ်ဆေးသည့် အမေရိကန် ရီပတ်ပလစ်ကင်အမတ်၏ အစီရင်ခံစာ တစ်စောင် ဩဂုတ် ၂ ရက်က ထွက်ရှိခဲ့ရာတွင် အဆိုပါကပ်ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်ဗိုင်းရပ်စ်ဗေဒ သိပ္ပံဌာနမှ စိမ့်ထွက်လာသည့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တစ်မျိုးဖြစ်ကာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ တက္ကဆတ်ပြည်နယ်၏ အောက်လွှတ်တော်ရီပတ်ပလစ်ကင်အမတ် မိုက်ကယ်မက်ကောက ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်နှင့် ကပ်ရောဂါ၏ အန္တရာယ်အား ကမ္ဘာသို့သတိပေးရန် တရုတ်အစိုးရ၏ မှားယွင်းသည့် လုပ်ဆောင်ချက်အား စုံစမ်းစစ်ဆေးသည့် အစီရင်ခံစာ တတိယပိုင်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း The Hill သတင်းတွင် ဖော်ပြခဲ့သည်။

ဝူဟန်ဓာတ်ခွဲခန်းမှာ သိပ္ပံပညာရှင်များနှင့် ကပ်ရောဂါအား လျင်မြန်ထိရောက်စွာ ထိန်းချုပ်ရန် လုပ်ဆောင်ချက်များအား ဟန့်တားနှောက်ယှက်ရန် ဆုံးဖြတ်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီမှ တာဝန်ရှိသူများကို ပိတ်ဆို့အရေးယူမှုချမှတ်သည့် ဥပဒေတစ်ရပ်အားထုတ်ပြန်ပေးရန်လည်း အစီရင်ခံစာထုတ်ပြန်ရာတွင် မက်ကောက တောင်းဆိုခဲ့သည်။

၎င်းကဲ့သို့ပင် သမ္မတဘိုင်ဒင်၏ အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကပ်ရောဂါဖြစ်ပွားရခြင်း၏ မူလဇစ် မြစ်ကို ဆုံးဖြတ်နိုင်ရန် ဆောင်ရွက်နေကြသည်။ ယင်းကပ်ရောဂါကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူ ၄ ဒသမ ၂ သန်းကျော် သေဆုံး၍ လူပေါင်း သန်း၂၀၀နီးပါး ကူးစက်ခံထားရကာ ကမ္ဘာ့တည်ငြိမ်မှုကိုလည်း ထိခိုက်စေခဲ့သည်။

“ဝူဟန်ဓာတ်ခွဲခန်းမှာ မျိုးဗီဇပြောင်းလဲတဲ့ သုတေသနတစ်ခုလုပ်ဆောင်ခဲ့တယ်လို့ သိထားပါတယ်။ အန္တရာယ်ကင်းရှင်းပြီး လုံခြုံအောင်လည်း မလုပ်ခဲ့ဘူးဆိုတာ သိရပါတယ်” ဟု မက်ကောက ပြောကြားသည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နိုင်ငံတကာသို့ လျှင်မြန်စွာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသိမပေးခြင်းနှင့် ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် လက်ရှိ ဟန့်တားနှောက်ယှက်မှုများကြောင့် တရုတ်အစိုးရအား အမေရိကန်က အရေးယူဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုထားသည်ဟု The Hill တွင် ဖော်ပြာထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required