မကွေးတိုင်းမြို့နယ်အချို့ရေကြီး၍ ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ

By The Nation Voice
06 August 2021
မကွေးတိုင်းမြို့နယ်အချို့ရေကြီး၍ ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ

ဩဂုတ်လ ၆

မကွေးတိုင်း မင်းတုန်းမြို့နယ်နှင့်ငဖဲမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများစတင်ဖြစ်ပေါ်နေပြီး ဒေသခံအချို့သည် ရေဘေးလွတ်ရာသို့ပြောင်းရွေ့နေကြရကြောင်း ဒေသခံများထံမှသိရသည်။

မကွေးတိုင်းမင်းတုန်းမြို့နယ် မဲဇလီကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာအချို့မှ ဒေသခံများသည် ယနေ့နံနက် ၄ နာရီဝန်းကျင်က ချောင်းရေမြင့်တက်လာသည့်အတွက် အရေးပေါ်ပြောင်းရွှေ့ခဲ့ကြရသည်။

“ဆိုင်ကယ်တစ်စီးနဲ့လူလွတ်ပဲထွက်ပြေးလာကြရတယ်၊ ကျွန်တော်တို့ အိမ်ကထွက်လာတုန်းက အိမ်အောက်ထပ်က စားပွဲတွေကုလားထိုင်တွေ ပေါလောမြောနေပြီ”ဟု မင်းတုန်းမြို့နယ် မဲဇလီကျေးရွာက ဒေသခံတစ်ဦးမှ The Nation Voice သို့ပြောသည်။

အဆိုပါချောင်းရေလျှံမှုကြောင့် မင်းတုန်းမြို့ဝင်ပေါက် ကားလမ်းနှစ်ခုမှ တစ်ခုအားရေလွှမ်းသွားခဲ့ ကြောင်းသိရသည်။ မင်းတုန်းမြို့အဝင်ကျေးရွာများဖြစ်သည့် ဘူးတောင်းကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာ၊ တံတားရွာတို့မှ အိမ်အချို့ရေနစ်မြုတ်လျှက်ရှိပြီး ဒေသခံများသည် ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရသည်။

ချောင်းရေလျှံမှုကြောင့် မဲဇလီကျေးရွာတစ်ခုတည်းမှ မိသားစု ၃၀ စုကျော်ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေကြရကြောင်း ဒေသခံများမှဆိုသည်။ မဲဇလီကျေးရွာအပါအဝင် အဆိုပါရွာ၏တောင်ဘက်ရှိ တောင်မြင့်ကျေးရွာ၊ကံပိုင်ကျေးရွာများမှ ဒေသခံများရေဘေးရှောင်ခဲ့ကြရကြောင်းသိရသည်။

အဆိုပါ ချောင်းရေကြီးမှုကြောင့် မင်းတုန်းမြို့နယ် မဲဇလီတံတားမြောက်ဘက်ခြမ်းရှိ ပုသိမ်-မုံရွာကားလမ်းအားရေကျော်လျက်ရှိပြီး ယခုနံနက်ပိုင်းတွင် ခရီးသွားကားများနှင့်ကုန်ကားများလည်း ပိတ်မိလျက်ရှိကြောင်းသိရသည်။

ထို့အတူ မကွေးတိုင်းငဖဲမြို့နယ်ရှိ မန်းချောင်းရေလျှံမှုကြောင့် ငဖဲမြို့အနောက်ဘက်ခြမ်းကျေးရွာအချို့ ရေဝင်နေပြီး စိုက်ခင်းများရေနစ်လျှက်ရှိကြောင်းဒေသခံများထံမှသိရသည်။ ငဖဲမြို့နယ်အတွင်းရှိ ပန်းထိမ်းချောင်းနှင့် ဘစီချောင်းတို့မှရေစီးဝင်မှုများပြားလာသည့်အတွက် မန်းချောင်းတွင်းလည်း ချောင်းရေလျှံလျှက်ရှိပြီး ရွှေစက်တော်ရာဘုရားကြီး၏အောက်ခြေတော်ရာ ရင်ပြင်အထက် ၃ ပေခန့်ထိ မြင့်တက်လျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ယခုရက်ပိုင်းအတွင်းမိုးကြီးလာသည့်အတွက် မြန်မာနိုင်ငံအနှံ့ရှိ ဆည် ၁၈ ခုတွင် ဆည်ရေများတိုးလျှက် ရှိပြီး မြေနိမ့်ပိုင်းကျေးရွာများအနေဖြင့် ရေဘေးကြိုတင်သတိပြုကြရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

သဂုတ်လ ၆ ရက်နေ့ ယနေ့နံနက်ပိုင်းအထိ မှတ်တမ်းများအရ မြန်မာနိုင်ငံအတွင်းရှိ ဆည်ပေါင်း ၂၀၀ ကျော်အနက် ဆည် ၁၈ ခုတွင် ရေပိုလွှဲအထက်သို့ ရေကျော်နေကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly