ဆစ်ဒနီမြို့မှာ လော့ဒေါင်းအာဏာတည်ရေးအတွက် စစ်တပ်ကိုပါ အားဖြည့် 

ဆစ်ဒနီမြို့မှာ လော့ဒေါင်းအာဏာတည်ရေးအတွက် စစ်တပ်ကိုပါ အားဖြည့် 
Photo - AFP

ဩဂုတ် ၄

ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဩစတြေးလျနိုင်ငံရဲ့ တတိယအကြီးဆုံး ဘရစ္စဘန်းမြို့မှာ အိမ်မှာပဲနေရန် stay-at-home အမိန့်ကို သက်တမ်းတိုးလိုက်ချိန်မှာပဲ ဆစ်ဒနီမြို့မှာလည်း ရှည်ကြာတဲ့ လော့ဒေါင်း အာဏာတည်ရေးအတွက် စစ်တပ်က ကူညီအားဖြည့်ပေးနေပါတယ်။ 

နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့က ကိုဗစ်-၁၉ စည်းမျဉ်းတွေ အာဏာတည်ရေး အကူအညီပေးဖို့ တောင်းခံတာကြောင့် နိုင်ငံရဲ့ အကြီးဆုံး ဆစ်ဒနီမြို့မှာ တနင်္လာနေ့ကစလို့ တပ်အင်အား ၃၀၀ နီးပါးကို ဖြန့်ကြက်ချတာပဲ ဖြစ်ပါတယ်။ 

ကူးစက်နှုန်း ပိုမြန်တဲ့ Delta ကိုရိုနာမျိုးကွဲ ဆစ်ဒနီမြို့မှာ ပြန့်နှံ့နေတာကို ရပ်တန့်နိုင်ရေး ဩစတြေးလျနိုင်ငံဟာ ရုန်းကန်နေရတာဖြစ်ပြီး ထိန်းချုပ်စည်းမျဉ်းစည်းကမ်းတွေကို မြို့ခံတွေ လိုက်နာရေးအတွက်လည်း တွန်းအားပေးနေရတာပါ။ ဆစ်ဒနီမြို့မှာ ဇွန်လလယ်ကစလို့ ကူးစက်ဖြစ်ပွားသူ စံချိန်တင် ၃၆၀၀ ကျော် ရှိခဲ့ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ထောင်ပေါင်းများစွာကို စမ်းသပ်စစ်ဆေးခံရန်နဲ့ ၁၄ ရက် အိမ်မှာပဲ နေရန် ရဲဌာနက ပြောထားပြီး လူတိုင်း လိုက်နာဆောင်ရွက်နိုင်အောင် လုပ်ကိုင်နိုင်ဖို့အတွက်မှာ အင်အားနည်းပါးနေတယ်လို့ ပြောထားတာပါ။ 

ဒီအတွက် ရဲတပ်ဖွဲ့က လုပ်ဆောင်နေရတဲ့ သီးခြားခွဲနေရတဲ့ အမိန့်ကို လိုက်နာနေရသူတွေဆီ အစားအစာတွေ ပို့ဆောင်ရေး၊ အိမ်တိုင်ရာရောက် သွားရောက်အားပေးကာ စစ်ဆေးတာတွေ လုပ်ဆောင်ရာမှာ စစ်တပ်က ပါဝင်အားဖြည့်ပေးဖို့ အကူအညီ တောင်းခံတာပဲ ဖြစ်ပါတယ်။ 

“ကျွန်တော်တို့အနေနဲ့ နယူးဆောက်ဝေးလ်ပြည်နယ်ရဲဌာနရဲ့ ထိန်းချုပ်မှုအောက်ကနေပဲ ကူညီဆောင်ရွက်ပေးသွားမယ်ဆိုတာ အလေးထား ပြောလိုပါတယ်”လို့ ဗိုလ်မှူးချုပ် မစ်ဂရာဝေးက ပြောပါတယ်။ 

“ကျွန်တော်တို့က တရားဥပဒေရေးရာ အေဂျင်စီအဖွဲ့အစည်းမျိုး မဟုတ်ဘူးလေ၊ ဒါကြောင့် ကျွန်တော်တို့ဟာ အားဖြည့်ကူညီရေးကိုပဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

ဆစ်ဒနီနဲ့ အနီးဝန်းကျင်အရပ်က လူ ငါးသန်းကျော်ထက်မနည်းဟာ ဩဂုတ်လကုန်မှ အဆုံးသတ်မယ့် လော့ဒေါင်း သီတင်းခြောက်ပတ်တာအောက် နေထိုင်ကြရတာပဲ ဖြစ်ပါတယ်။ 

ဒေသခံတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့၊ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်၊ ကျန်းမာရေးအကြောင်းပြချက်နဲ့ အစားအစာလို မရှိမဖြစ်  လိုအပ်ပစ္စည်းတွေ ဝယ်ယူဖို့အတွက်ပဲ အပြင်ထွက်ခွင့် ရရှိတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ မလိုက်နာကြတဲ့ သူတွေ ရှိနေတာကြောင့် စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူတွေကို ရဲတွေက ဒဏ်ရိုက်တာတွေ တိုးပြီး လုပ်ဆောင်နေရတော့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly