လွိုင်ကော်ကနေ ဘောလခဲမြို့ကို ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်

By မဇ္ဈိမ
03 August 2021
လွိုင်ကော်ကနေ ဘောလခဲမြို့ကို ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်

ဩဂုတ် ၃

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့ကနေ ဘောလခဲမြို့ကို ဦးတည်ပြီးချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ထန်လျက်အကျော် ကျွန်းပင်ကုန်းမှာ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၃ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေက စစ်ကား ၁၀ စီးခန့်နဲ့ ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"တိုက်ပွဲဖြစ်တာတော့မှန်တယ်။မနက် ၁၁ နာရီမထိုးခင်မှာပစ်ကြတယ်၊ ဒီရက် စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)အကြားတိုက်ပွဲ နှစ်ခါဖြစ်ပွားတယ်။ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)အကြား ထန်းလျက်အကျော် ကျွန်းပင်ကုန်းမှာပစ်တယ်" လို့ ဒေသခံ ကဆိုပါတယ်။

ဒီကနေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တိုတွင် တိုက်ပွဲ လေးကြိမ်ဖြစ်ပွါးခဲ့ပြီး   စစ်ကောင်စီဖက်က ၁၁ ဦးကျဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရ ရရှိခဲ့တယ်လို့လည်း KNDF သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေက ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအတွင်းရှိ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်ပြီး ပစ္စည်းနှင့်ငွေကြေးများ လုယူသွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေက ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဖရှုဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် ထိုးစစ်ဆင်လျက်ရှိပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ကရင်နီတပ်မတော် (KA) နှင့် KNDF ပူပေါင်းအဖွဲ့တို့က ကရင်နီပြည်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ KNDF သတင်းနှင့် ပြန်ကြားရေးအဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly