ရန်ကုန်မြို့တွင်  နှစ်ပတ်အတွင်း  ရုပ်အလောင်းပေါင်း၁၇,၀၀၀ ကျော်ကို မီးသင်္ဂြိုဟ် ပေးခဲ့ရ 

ရန်ကုန်မြို့တွင်  နှစ်ပတ်အတွင်း  ရုပ်အလောင်းပေါင်း၁၇,၀၀၀ ကျော်ကို မီးသင်္ဂြိုဟ် ပေးခဲ့ရ 

 သြဂုတ် ၃ ရက်၊ ၂၀၂၁ ခုနှစ်

ရန်ကုန်မြို့က  သုသာန်ကြီးလေးခုမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့တဲ့ ရုပ်အလောင်း ၁၇,၇၁၅‌လောင်းကို နှစ်ပတ်အတွင်း မီးသင်္ဂြိုဟ် ပေးခဲ့ရတယ်လို့ မဇ္ဈိမကလက်ခံရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဇူလိုင် ဒုတိယပတ်နဲ့ စတုတ္ထပတ်အတွင်းမှာ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ် ပေးခဲ့ရတာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ ဖြစ်တဲ့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူစာရင်း‌တွေကို ညစဉ် ည၈နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဇူလိုင် ၃၁ တစ်ရက်အတွင်းမှာပဲ သေဆုံးသူ အရေအတွက်  ၃၉၇ ဦးနဲ့ အများဆုံး သေဆုံးခဲ့တာဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေထဲမှာ ကိုဗစ်-၁၉ ကြောင့်  သေဆုံးသူ အ‌ရေအတွက်နဲ့ ပတ်သက်ပြီး ဇူလိုင်လ-၁၀ ရက်မှာ ၇၁ ဦး၊ ၁၁ ရက်မှာ  ၈၂ ဦး၊  ၁၂ ရက်မှာ  ၈၉ဦး ၊  ၁၃ ရက်မှာ ၁၀၉ဦး၊ ၁၄ ရက်မှာ  ၁၄၅ ဦး၊ ၅ ရက်မှာ  ၁၆၅ ဦး၊  ၁၆ ရက်မှာ ၁၉၀ဦး၊ ၁၇ ရက်မှာ ၂၃၃ဦး ၊  ၁၈ ရက်မှာ ၂၃၁ ဦး၊ ၁၉ ရက်မှာ  ၂၈၁ ဦး၊ ၂၀ ရက်မှာ  ၂၈၆ ဦး၊  ၂၁ ရက်မှာ ၂၄၇ ဦး၊  ၂၂ ရက်မှာ ၃၁၉ ဦး ၊ ၂၃ ရက်မှာ ၃၂၆ ဦး ၊ ၂၅ ရက်မှာ ၂၉၇ ဦး ၊ ၂၆ ရက်မှာ ၃၉၆ ဦး ၊  ၂၇ ရက်မှာ  ၃၃၈ ဦး ၊ ၂၈ ရက်မှာ ၃၆၅ ဦး ၊ ၂၉ ရက်မှာ  ၃၄၂ ဦး၊  ၃၀ ရက်မှာ  ၃၉၂ ဦး နဲ့  ၃၁ ရက်မှာ ၃၉၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါ သေဆုံးသူစာရင်းနဲ့ မြေပြင်ကအမှန်တကယ် သေဆုံးသူစာရင်း ကွာခြား‌နေတာဟာ ဆေးရုံမှာ သေဆုံးတဲ့ အရေအတွက်ကိုသာ ယူထားတာကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဖြစ်တဲ့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင်လ ၂၄ ရက်က ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်က စစ်ကောင်စီထုတ်ပြန်ချက်ထဲကထက်  အဆမတန်များပြားတယ်လို့ ပရဟိတအဖွဲ့အစည်းအသီးသီးက တညီတညွတ်ထဲ မှတ်ချက်ပြုထားကြပါတယ်။

မဇ္ဈိမ သတင်းဌာနကရရှိထားတဲ့ စာရင်းတွေအရ ဇူလိုင်၁၄ ရက်ကနေ ဇူလိုင်၂၉ ရက် အထိ ရုပ်အလောင်းပေါင်း ၁၇,၇၁၅ ဦးကို ရန်ကုန်မြို့မှာရှိတဲ့ ရေဝေး ၊ ထိန်ပင် ၊ ကျူချောင်း ၊ ကျီစု သုသာန်‌ တွေမှာ မီးသင်္ဂြိုဟ် ခဲ့တာပါ။အဆိုပါ စာရင်းထဲမှာ  ကျန်ရှိတဲ့ သုသာန် ငါးနေရာမှာ မီးသင်္ဂြိုဟ်ခဲ့တဲ့ ရုပ်အလောင်း အရေအတွက် မပါဝင်သေးပါဘူး။

သုသာန်ကြီး လေးခုက စာရင်းတွေအရ ဇူလိုင်လ-  ၁၄ ရက်မှာ  ၅၇၄လောင်း ၊  ၁၅ ရက်မှာ  ၆၅၇ လောင်း ၊  ၁၆ ရက်မှာ  ၇၅၆ လောင်း ၊  ၁၇ ရက်မှာ ၉၃၄ လောင်း ၊  ၁၈ ရက်မှာ  ၁,၄၀၃ လောင်း ၊  ၁၉ ရက်မှာ ၁,၂၆၆ လောင်း ၊  ၂၀ ရက်မှာ  ၁,၀၇၂ လောင်း ၊  ၂၁ ရက်မှာ ၁၃၁ လောင်း ၊ ၂၂ ရက်မှာ  ၁,၃၁၂ လောင်း၊  ၂၃ ရက်မှာ  ၁,၄၅၀ လောင်း ၊ ၂၄ ရက်မှာ ၁,၂၇၆ လောင်း ၊  ၂၅ ရက်မှာ  ၁,၂၁၇ လောင်း ၊  ၂၆ ရက်မှာ ၁,၀၅၃ လောင်း ၊  ၂၇ ရက်မှာ ၁,၂၂၇ လောင်း ၊  ၂၈ ရက်မှာ  ၁,၁၉၁ လောင်း နှင့်  ၂၉ ရက်မှာ  ၁,၀၁၃ လောင်းတို့ကို မီးသင်္ဂြိုဟ် ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 ပရဟိတအဖွဲ့‌တွေက မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ရေဝေးသုသာန်နဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ထိန်ပင်သုသာန်မှာ ဇူလိုင် ၁၀ ရက်က‌နေ ဇူလိုင် ၂၁ ရက် အထိ နေ့စဉ် ရုပ်အလောင်း ၅၀၀ နဲ့ ၆၀၀ ကြား ၊ ရွှေပြည်သာမြို့နယ် မှာရှိတဲ့ ကျူချောင်းသုသာန်မှာ ရုပ်အလောင်း ၄၀၀ ဝန်းကျင် နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် မှာရှိတဲ့ ကျီစု သုသာန်မှာ ရုပ်အလောင်းပါင်း ၃၀၀ ဝန်းကျင်ကို မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ မဇ္ဈိမ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

မြို့နယ်တစ်မြို့နယ်မှာ ပရဟိတအဖွဲ့ပေါင်း ၂၀ ဝန်းကျင်ရှိပြီး ရန်ကုန် တစ်မြို့လုံးမှာဆိုရင် ပရဟိတ အဖွဲ့ပေါင်း ၂၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

ပရဟိတအဖွဲ့များက မီးသင်္ဂြိုဟ်ပေးခဲ့တဲ့ သေဆုံးသူ‌ တွေကို ကိုဗစ်-၁၉ နဲ့ သေတဲ့သူ‌‌တွေဖြစ်ကြောင်း ဘယ်လိုသိနိုင်သလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး "သေဆုံးတဲ့ ရုပ်အလောင်း‌ တွေကို သွားသယ်ရင် ကိုဗစ်ကြောင့် အောက်စီဂျင် ကျလို့ သေဆုံးတာလို့မိသားစု ဝင်တွေက ပြောကြတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ ၉၀ ရာခိုင်နှုန်းက ကိုဗစ်ကြောင့် သေတာ “ လို့ပရဟိတအဖွဲ့ဝင်တစ်ဦးကဖြေကြားပါတယ်။

လက်ရှိအချိန်မှာ သုသာန်တွေက ရုပ်အလောင်‌းတွေကို နံနက် ၉နာရီဝန်းကျင်အချိန်ကနေ ည ၁၀ နာရီဝန်းကျင်အချိန်ထိ မီးသင်္ဂြိုဟ် ပေးနေတယ်လို့သိရပါတယ်။

ရုပ်အလောင်းတွေကို ရေဝေး သုသာန်မှာ မီးသင်္ဂြိုဟ်စက် ခြောက်လုံး ၊ ထိန်ပင် သုဿာန်မှာ မီးသင်္ဂြိုဟ်စက် လေးလုံး ၊ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ် စက် နှစ်လုံးနဲ့ ကျူချောင်းသုသာန်မှာ မီးသင်္ဂြိုဟ် တစ်လုံး တို့နဲ့ သင်္ဂြိုဟ်ပေးနေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly