ပါကစ္စတန်တို့က တာလီဘန်တို့အပေါ် ဩဇာလွှမ်းမိုးနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

By pajhwok.com
03 August 2021
ပါကစ္စတန်တို့က တာလီဘန်တို့အပေါ် ဩဇာလွှမ်းမိုးနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တာလီဘန်တို့အား ဩဇာလွှမ်းမိုးရာတွင် ပါကစ္စတန်တို့က အဓိကနေရာတွင် ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်သည်။

ဇူလိုင် ၂၉ ရက်တွင် အိန္ဒိယသို့ ၂ ရက်ကြာခရီးစဉ် ပြီးဆုံးခဲ့သည့် ဘလင်ကန်သည် နယူးဒေလီမြို့၌ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့နှင့် တွေ့ဆုံခဲ့ရာတွင် အာဖဂန်နစ္စတန်နိုင်ငံကိစ္စအပါအဝင် ဒေသတွင်းနောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

“တာလီဘန်တို့က အာဖဂန်နစ္စတန်ကို တိုက်ခိုက်မသိမ်းပိုက်အောင် တားမြစ်ဖို့အတွက် ပါကစ္စတန်အစိုးရဟာ ဩဇာလွှမ်းမိုးနိုင်တဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ပါကစ္စတန်တို့ကလည်း တားမြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဘလင်ကန်က Times of India သတင်းဌာနသို့ ပြောကြားသည်။

ပါကစ္စတန်နို်ငငံတော်လုံခြုံရေး အကြံပေး မိုအိယူဆွတ်ဖ်နှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် ဖအာစ်ဖ်ဟမ်အိဒ်တို့ ဝါရှင်တန်မြို့သို့ ရောက်ရှိနေချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က နိုင်ငံတကာရုပ်သံဌာနများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းနေချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်ရက်စက်တဲ့ သတင်းတွေကို စိတ်ပျက်စရာကောင်းလောက်အောင် တစ်ကမ္ဘာလုံးက ကြားနေရပါတယ်။ တာလီဘန်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံ တည်းမှာ အတူနေဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ဒီသတင်းတွေက ဖော်ပြနေပါတယ်” ဟု ABC News သတင်းဌာနသို့ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်သည် လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း ရရှိခဲ့သည့် အခြေခံအောင်မြင်မှုများကို တန်ဖိုးထား လေးစားခြင်းမရှိခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဘေးဖယ်ခံရလိမ့်မည်ဟုလည်း အယ်လ်ဂျာဇီးယား သတင်းဌာနသို့ ဘလင်ကန်က ပြောကြားသည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်အစိုးရအား အင်အားသုံးဖြုတ်ချရန် ဆုံးဖြတ်ထားပြီး နိုင်ငံတွင်းရှိ သက်ဆိုင်သည့် အုပ်စုများပါဝင်သော အစိုးရတစ်ရပ်ဖွဲ့စည်းရန် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုများကို လက်ခံခြင်းမရှိသည့်အပေါ် အမေရိကန်အစိုးရ၏ စိုးရိမ်မှုများကို ဘလင်ကန်၏ ရုံးခန်းက ထုတ်ပြန်ခဲ့သည့် အင်တာဗျူးများက ဖော်ပြလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly