ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ဖြစ်ပွားမှုက တရုတ်ပြည်နယ် ၅ ခုထိ ကူးစက်ပျံ့နှံ့စဥ် တရုတ်၌ အမြင့်ဆုံး သတိပေးချက် ထုတ်ထား

ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ဖြစ်ပွားမှုက တရုတ်ပြည်နယ် ၅ ခုထိ ကူးစက်ပျံ့နှံ့စဥ် တရုတ်၌ အမြင့်ဆုံး သတိပေးချက် ထုတ်ထား

တရုတ်တွင် လက်ရှိအချိန်၌ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်မှု သိသိသာသာ မြင့်တက်မှု အခြေအနေသည် အခြားနိုင်ငံအများစုအတွက်ဆိုလျင် ယင်းတို့က ဇယားကွက်ပေါ်မှ အစက်အပြောက်တစ်ခုထက်အနည်းငယ် ပိုသည့် အရေအတွက်အဖြစ်သာ ရှိနေလိမ့်မည် ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ပြီးခဲ့သည့် ၁၀ ရက်အတွင်း စစ်ဆေးတွေ့ရှိထားသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၄ ဦး တွေ့ရှိမှုအရ အသေးအဖွဲ ကူးစက်မှုများကိုပင် လက်ခံခြင်း မရှိသည့် ယင်းနိုင်ငံ၏ လုပ်ကိုင်ဆောင်ရွက်ပုံက ယခု ကူးစက်မှုနှုန်း ပိုမြင့်မားသည့် ဒယ်လ်တာ မျိုးကွဲကို ထိန်းချုပ်နိုင်မည်လား ဆိုသည်ကို စမ်းသပ်သွားရန် ရှိနေသည်။ ယင်းနိုင်ငံ၏ ချဥ်းကပ်လုပ်ဆောင်မှုအရ ယခင် ကူးစက်ဖြစ်ပွားမှုများကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းထားခဲ့သည်။

ရှန်ဟိုင်းမြို့၏ အနောက်ဘက် မိုင် ၁၅၀ ခန့်အကွာ လူဦးရေ ကိုးသန်းကျော် နေထိုင်သည့် မြို့တစ်မြို့ဖြစ်သည့် နန်ကျင်းမြို့တွင် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု စတင်ထားခဲ့သည်ဟု ယုံကြည်ရသည်။

ဇူလိုင် ၂၀ ရက်က ရုရှားကနေ ရောက်လာသည့် လေယာဥ်တစ်စင်းကို သန့်ရှင်းရေး လုပ်ဆောင်ပြီးနောက် နန်ကျင်း လူကော် နိုင်ငံတကာ လေဆိပ်ရှိ သန့်ရှင်းရေး၀န်ထမ်း ကိုးဦး ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ ယခုအခါ ကူးစက်မှုများသည် ပေကျင်း အပါအ၀င် မတူညီသော ပြည်နယ်ဒေသ ငါးခုတွင် တွေ့ရှိထားခဲ့ပြီဖြစ်ပြီး ပြည်တွင်း ကျန်းမာရေးအာဏာပိုင်များက ယင်းကူးစက်ဖြစ်ပွားနေသော မျိုးကွဲသည် ဒယ်လ်တာ မျိုးကွဲဖြစ်ကြောင်း ခွဲခြားထုတ်ဖော်ထားသည်။

နန်ကျင်းမြို့ရှိ တာ၀န်ရှိသူများသည် ယခုအခါ “အမြင့်ဆုံး သတိပေးချက်” ထုတ်ထားပြီး မြို့နေ ပြည်သူ အားလုံးကို ဗိုင်းရပ်စ် စစ်ဆေးရန် စီစဥ်နေကြောင်းနှင့် တစ်ရက်တည်းအတွင်း လူ ၁ ဒသမ ၉ သန်းကို စစ်ဆေးမှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဇူလိုင် ၂၉ ရက်က ဖော်ပြသည်။

တရုတ်အာဏာပိုင်တို့သည် ယခင် ကူးစက်မှုများ မြင့်တက်ခဲ့စဥ်ကာလများအတွင်းက တင်းကျပ်သည့် လော့ခ်ဒေါင်းများ ချမှတ်ခြင်း၊ ကွာရန်တင်းများ သတ်မှတ်ခြင်းနှင့် နိုင်ငံတကာ ခရီးသွားလာမှုအပေါ် ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်းတို့ဖြင့် ကိုင်တွယ်ဆောင်ရွက်ထားခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ၀ူဟန်မြို့တွင် ပထမဆုံး ထုတ်ဖော်တွေ့ရှိခဲ့သည့် ကနဦး ကိုဗစ် ကူးစက်ဖြစ်ပွားမှုနောက်ပိုင်း တရုတ်တွင် ကိုဗစ်ရောဂါ ပြန်လည်ကူးစက်ဖြစ်ပွားမှုများက နိုင်ငံတကာ စံနှုန်းများနှင့် ယင်းနိုင်ငံ၏ ၁ ဒသမ ၄ ဘီလီယံရှိ လူဦးရေ အကြောင်းအရာအောက်တွင် ယှဥ်ကြည့်ပါက အတော်ပင် အသေးအဖွဲ ဖြစ်ထားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် လူတစ်သန်းနှုန်းလျင် ကူးစက်မှုနှုန်း ၂၀၂ ဒသမ ၄ ရှိကြောင်း Johns Hopkins တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။ တရုတ်အတွက် တူညီသော ကိန်းဂဏန်းမှာ ၀ ဒသမ ၀၄ ဖြစ်သည်။

သို့သော် ယခုအခါ တရုတ်တွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်သူတွေ့ရှိမှုသည် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ လူသန်းပေါင်းများစွာကို လော့ခ်‌ဒေါင်းအောက်တွင် ရှိနေစေလျက် ရှိသလို ဟဲပေ ပြည်နယ်တစ်၀ိုက် ဗဟိုပြုဖြစ်နေခဲ့သော ကူးစက်မှုများကို ထိန်းချုပ်ရန် အာဏာပိုင်များက ကြိုးပမ်းထားခဲ့သည်။

တချိန်တည်းမှာပင် ယခုလက်ရှိဖြစ်ပွားနေသော ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တရုတ် ကွန်မြူနစ်ပါတီ၏ အဆင့်မြင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် စည်းကမ်းပိုင်း စစ်ဆေးရေးဆိုင်ရာ ဗဟိုကော်မရှင်ထံမှ ပြင်းထန်သည့် ပြစ်တင်မှုလည်း ထွက်ပေါ်ထားခဲ့သည်။ ယင်း၏အဆိုအရ နန်ကျင်းလေဆိပ်တွင် နိုင်ငံတကာ နှင့် ပြည်တွင်း လေယာဥ်ခရီးစဥ်များအတွက် သန့်ရှင်းရေး၀န်ထမ်းများကို သီးခြားစီ ခွဲမထားခဲ့ကြောင်း ပြောထားသလို နောက်ထပ် ထပ်မံ ကူးစက်မှုများကို တားဆီးမှုပိုင်းတွင်လည်း လုပ်ကိုင်ပုံ လျော့ရဲခဲ့မှုအတွက် လေဆိပ်၏ စီမံခန့်ခွဲမှုပိုင်းအပေါ် ဝေဖန်ခဲ့သည်။

မကြာသေးခင်က ဖြစ်ခဲ့သည့် ကူးစက်ဖြစ်ပွားမှုအများစုသည် အရွယ်အစားသေး မြို့များတွင် ဖြစ်ထားခဲ့သည်။ သို့သော် နန်ကျင်းသည် အဓိကကျသည့် လူနေအချက်အချာမြို့တစ်မြို့ဖြစ်ပြီး ယင်းသည် သိပ္ပံနှင့် ပညာရေးကဲ့သို့ ကဏ္ဍများတွင် အရေးပါမှုရှိသည့် နိုင်ငံ၏ ထိပ်တန်းမြို့ကြီး ဆယ်မြို့အနက် တစ်မြို့အဖြစ် ပါ၀င်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly