လုံခြုံရေးဥပ‌ဒေသစ်အောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်ဆန္ဒပြသူကို ထောင် ၉ နှစ် ချမှတ်

By Yahoo/ CBS News
02 August 2021
လုံခြုံရေးဥပ‌ဒေသစ်အောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်ဆန္ဒပြသူကို ထောင် ၉ နှစ် ချမှတ်

တရုတ်၏ “အမျိုးသားလုံခြုံရေး ဥပဒေသစ်” အောက်တွင် ပထမဆုံး တရားစွဲခံရသူဖြစ်ခဲ့သည့် ဟောင်ကောင်အမျိုးသားတစ်ဦးကို ယခုအခါ ထောင်ဒဏ် ကိုးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၂၄ နှစ်ရှိ တုံယင်ကစ် အမည်ရ ဟောင်ကောင်အမျိုးသားသည် နိုင်ငံမှ ခွဲထွက်မှုအတွက် သွေးထိုးလှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုတို့အတွက် ယခုအပတ်အစောပိုင်းက အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

၎င်းသည် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွင်း ဆန္ဒပြပွဲ ကြွေးကြော်ဆောင်ပုဒ်တစ်ခုပါ အလံကို ကိုင်ရင်း ဆိုင်ကယ်တစ်စီးဖြင့် ရဲများကို ၀င်တိုက်ခဲ့ပြီးနောက် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေသစ်အောက်တွင် စွဲချက်တင်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အငြင်းပွား ဥပဒေအသက်၀င်ပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် အခြားသော ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူ ၆၀ ဦးကျော်ကိုလည်း အလားတူ စီရင်ဆုံးဖြတ်ချက်မျိုး ချမှတ်သွားရန် ရှိနေရာ ယခု တုံယင်ကစ်၏ အမှုသည် သာဓကတစ်ခု ဖြစ်လာနိုင်ရန် ရှိနေသည်။ အငြင်းပွား လုံခြုံရေးဥပဒေအောက်တွင် ဖမ်းဆီးခံထားရသူများထဲတွင် နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ ကျန်းမာရေး အမှုထမ်းများ၊ သမဂ္ဂခေါင်းဆောင်များ အပြင် ဟောင်ကောင်အစိုးရနှင့် ယင်းကိုကျော်လွန်ကာ တရုတ်ခေါင်းဆောင်များအထိ ဝေဖန်ထားခဲ့သော ဂျာနယ်လစ်တစ်ဦးတို့ ပါ၀င်နေသည်။

တုံ ကို အကြမ်းဖက်မှု လုပ်ဆောင်ချက်များအတွက် ထောင်ဒဏ် ၈ နှစ် နှင့် ခွဲထွက်ရေး သွေးထိုးလှုံ့ဆော်မှုအတွက် ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်များအနက် ထောင်ဒဏ်နှစ်နှစ်ခွဲကို ဆက်တိုက်ကျခံရမည်ဖြစ်သဖြင့် ၎င်း၏ စုစုပေါင်းပြစ်ဒဏ်မှာ ထောင်ဒဏ် ကိုးနှစ်ချမှတ်ခဲ့ရသည့် အဓိပ္ပါယ်ဖြစ်ခဲ့သည်။

“ဒီ ပြစ်ဒဏ်ဟာ တရားခံဖြစ်သူရဲ့ ပြစ်မှုနှစ်ခုလုံးမှာ အပြစ်မကင်းမှုအတွက် လုံလုံလောက်လောက် ထင်ဟပ်သင့်သလို တစ်ချိန်တည်းမှာလည်းပဲ လူ့အဖွဲ့အစည်းရဲ့ ရွံမုန်းမှုအတွက်လည်း ထင်ဟပ်သင့်ပါတယ်၊ ဒါကြောင့် ဒီအပေါ်မှာ ဟန့်တားမှု အကျိုးဆက်တစ်ခု လိုအပ်ပါတယ်” ဟု ဇူလိုင် ၃၀ ရက်က တုံ ကို စီရင်ချက်ချပြီးနောက် တရားသူကြီးများက ပြောခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

“တကယ်ဆိုရင် တုံ ဟာ အကြမ်းဖက်သမားတစ်ဦး မဟုတ်ပါဘူး၊ ဒီလိုပဲ ဟောင်ကောင် ဆန္ဒပြသူတွေဟာလည်း အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး” ဟု လက်ရှိတွင် ယူကေတွင် ပြောင်းရွှေ့နေထိုင်လျက် ရှိသည့် ဒီမိုကရေစီ လိုလားသော နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူဟောင်း နေသန် လော က CBS News ကို ပြောခဲ့သည်။ ယခု ထောင်ဒဏ် ကိုးနှစ်ပြစ်ဒဏ်ကိုလည်း “လက်ခံနိုင်ဖွယ်ရာ မရှိ” ဟု ၎င်းက ပြောခဲ့သည်။

“ဟောင်ကောင်အစိုးရဟာ ဒီမိုကရေစီ လှုပ်ရှားမှုကို ထိခိုက်ပုံပျက်စေဖို့နဲ့ သူတို့ရဲ့ ဖိနှိပ်မှုကို မှန်ကန် တရားမျှတကြောင်း ထုတ်ဖော်ဖို့အတွက် ဒီ ဥပဒေကို အသုံးချနေတာပါ၊ တကယ်တော့ ဟောင်ကောင်နဲ့ တရုတ်အစိုးရတွေဟာ ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေအပေါ် တိုက်ခိုက်မှုအားလုံးအတွက် တာ၀န်ခံ၊ တာ၀န်ယူရသင့်ပါတယ်” ဟု လော က ပြောသွားခဲ့သည်။

ဟောင်ကောင်သည် တချိန်က ဗြိတိသျှကိုလိုနီနယ်တစ်ခု ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်လက်သို့ ပြန်လွှဲပေးအပ်ခဲ့ပြီး ယင်းကို တစိတ်တဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်နှင့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်တစ်ချို့ ပေးအပ်ထိန်းသိမ်းထားမည် ဆိုသည့် အခြေအနေအောက်တွင် တရုတ်လက်သို့ လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ် ဇွန်လက တရုတ်သည် အမျိုးသား လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ရာတွင် ယင်းသည် ဟောင်ကောင်၏ ကြီးမားသော ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုကို ကျိုးနွံစေရန် ရည်ရွယ်စီမံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောဆိုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly