ကိုဗစ်နှင့်ဆက်စပ် ဆေးပစ္စည်းများ တင်ပို့ရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များကို ပြန်ဖွင့်ရန် မဏိပူရ်ပြည်နယ်အစိုးရ စီစဉ်

ကိုဗစ်နှင့်ဆက်စပ် ဆေးပစ္စည်းများ တင်ပို့ရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များကို ပြန်ဖွင့်ရန် မဏိပူရ်ပြည်နယ်အစိုးရ စီစဉ်

ဩဂုတ် ၂

အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်အစိုးရသည် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ဆေးပစ္စည်းများ တင်ပို့မှုများအတွက် လမ်းကြောင်းဖွင့်ပေးရန်အလို့ငှာ မိုရေးမြို့ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

အိန္ဒိယ ဗဟိုအစိုးရ၏ ညွှန်ကြားချက်တစ်ရပ် ထွက်ရှိပြီးနောက် မဏိပူရ် ပြည်နယ်အစိုးရက အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မှုသည် လမ်းကြောင်းတစ်ခုတည်းအတွက်သာ ဖြစ်ပြီး မြန်မာဘက်ကနေ အိန္ဒိယသို့ ကုန်တင်သွင်းမှုများကို ပိတ်ပင်ကန့်သတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောသည်။ 

အိန္ဒိယပြည်ပရေးရာ၀န်ကြီးဌာန၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံသို့ ကိုဗစ်နှင့် ဆက်စပ်သည့် ဆေးပစ္စည်းများ အရေးတကြီး တင်ပို့ရန်အတွက် မိုရေးမြို့ရှိ နယ်စပ်ဂိတ်အမှတ် (၁) နှင့် အမှတ် (၂) တို့ ပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် မဏိပူရ် ပြည်နယ်အစိုးရက ပြည်နယ်ရှိ အာသံရိုင်ဖယ်တပ်ဖွဲ့ အကြီးအကဲနှင့် Tengnoupal ခရိုင် ဒုကော်မရှင်နာတို့ထံ အကြောင်းကြားစာ ပို့ထားပြီးဖြစ်သည်။ 

ထို အကြောင်းကြားစာထဲတွင် “ပြည်နယ်အစိုးရအနေဖြင့် နယ်စပ်ဂိတ်များကို တစ်လမ်းသွားအဖြစ် ပြန်ဖွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းက အိန္ဒိယကနေ မြန်မာသို့ ဆေးဘက်ပစ္စည်းများ တင်ပို့ခြင်းအတွက်ကိုသာ ခွင့်ပြုရန်ဖြစ်ကြောင်းနှင့် မြန်မာဘက်ကနေ အိန္ဒိယဘက်သို့ သွင်းကုန်တင်သွင်းမှုများကိုမူ ပိတ်ပင်ထားမည်ဖြစ်ကြောင်း” ပါရှိသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် မဏိပူရ် ပြည်နယ်အစိုးရသည် Tengnoupal ခရိုင် မိုရေးမြို့ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly