မြေပြင်စစ်ပွဲကို မတုန်လှုပ်တဲ့ မင်းတပ်သူရဲကောင်းများ

မြေပြင်စစ်ပွဲကို မတုန်လှုပ်တဲ့ မင်းတပ်သူရဲကောင်းများ

ဩဂုတ် ၁

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ဖို့ လေယာဉ်တွေ ပို့ဆောင်နေကြပါပြီ။ ချင်းလက်နက်ကိုင်တွေနဲ့ ရက္ခိုင့်လက်နက်ကိုင်‌တွေရှိနေတဲ့ ချင်းပြည်နယ်မှာ စစ်တပ်က ဒီလိုအနေအထား ပြင်ဆင်မှုမျိုး အရင်က သိပ်မရှိခဲ့ပါဘူး။ အခုတော့ လေယာဉ်တွေပါ ပို့ဆောင်နေကြပါပြီ။ 

လက်ရှိ စစ်တပ်ဘက်က စစ်ရေးတည်ဆောက်နေမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး(မင်းတပ်) ကို မေးမြန်းကြည့်တဲ့အခါ “စစ်လေယာဉ်ကတော့ ဒီအပတ်မှာ စစ်သားတွေ လာပို့တယ်” လို့ ပြောပါတယ်။ ဒါက စစ်တပ်ဘက်က မြင်သာတဲ့ စစ်ရေးတည်ဆောက်မှုပဲ ဖြစ်ပါတယ်။ 

 ချင်းပြည်နယ်မင်းတပ်ဟာ အခုဆိုရင် ကာကွယ်ရေးပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေရှိလာတာကြောင့် စစ်တပ်ဘက်က အင်အားသုံးဖိအားပေးမှုတွေကို တစ်စတစ်စအရှိန်မြှင့်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ နှစ်ဖက်တိုက်ခိုက်ကြတဲ့ တိုက်ပွဲတိုင်းလိုလိုမှာ စစ်တပ်ဘက်က အကျအရှုံး များလာတယ်။ ဒါကြောင့်ပဲ စစ်တပ်ဟာ လေကြောင်းကနေတိုက်ဖို့ ပြင်ဆင်လာတာကို တွေ့ရတာပါ။

 “CDF အနေနဲ့တော့ အခုတိုက်မယ်ဆို လေပြင်ကနေတိုက်လာမှာကိုပဲ ကြောက်ရမှာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ မြေပြင်ကနေတိုက်ဖို့ စစ်ကောင်စီလက်အောက်ခံတပ်တွေ အခက်အခဲ ရှိလာတာကြောင့်လည်း လေကြောင်းကနေတိုက်ဖို့ ပြင်ဆင်လာပုံ ပေါက်ပါတယ်။ 

CDF ဘက်ကတော့ မြေပြင်တိုက်ပွဲတိုင်း အသာစီးရယူနိုင်တာ များပါတယ်။ “ကုန်းကြောင်းသာဆိုရင်တော့ CDF ရဲဘော်တွေ အားလုံးက အဆင်သင့်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်ရဲ့ လေကြောင်းကနေ စစ်ရှိန်မြှင့်ခြင်းဟာ မင်းတပ်ရဲ့ ပြည်သူ့ကာကွယ်ရေး ယန္တရားကို ထိန်းသိမ်းဖို့ စစ်တပ်ရဲ့လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အရင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စတိုက်စဉ်တုန်းကလည်း လေကြောင်းနဲ့ တိုက်ခိုက်ပြီး မင်းတပ်ကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က အရင်နဲ့ မတူတော့ဘဲ တိုက်ပွဲတိုင်းမှာ အသာစီးယူထားနိုင်လာပါတယ်။

 “အရင်လိုကျဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” လို့ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိ မင်းတပ်မှာ တိုက်ပွဲတွေအမြဲလိုလို ဖြစ်နေပြီး ဒီနေ့လည်း တိုက်ပွဲ ဖြစ်နေပါတယ်။ 

ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတိုက်ပွဲမှာဆိုရင်လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကသာတပ်ရင်းဖြစ်တဲ့ ခမရ (၃၀၉) တပ်ရင်းရဲ့ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးဇော်ဇော်စိုးအပါအဝင် စစ်သားအချို့ကျဆုံးကာ အများအပြား ဒဏ်ရာပြင်းထန်ရသွားပါတယ်။ 

“တစ်ချို့ထွက်ပြေးတဲ့သူတွေလည်းရှိတယ်” လို့ မင်းတပ်ကာကွယ်ရေး တာဝန်ရှိသူကဆိုပါတယ်။ 
လက်ရှိမှာ စစ်တပ်ဘက်က တပ်ရင်းမှူး သုံးဦးလောက်အထိ ကျသွားပြီလို့ ဆိုပါတယ်။

 ယနေ့အထိ စစ်တပ်ဘက်က အယောက် ၂၀၀ ကျော် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ CDF ပြန်ကြားရေးတစ်ဦးက ဆိုပါတယ်။
 ဒါက အခြားသော PDF တွေထက် သက်တမ်းနုလှတဲ့ CDF ရဲ့ လက်စွမ်းထက်မှုပါ။  CDF နဲ့ စစ်ကောင်စီတပ်တွေ အကြိမ်သုံးဆယ်လောက်အထိ တိုက်ခဲ့ရတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ကျသွားသူအရေအတွက်လည်း ဖြစ်ပါတယ်။ ဒါတောင်စစ်တပ်က ‌ကျသွားတဲ့သူတွေကို အလောင်းဖျောက်တာတွေ လုပ်ခဲ့ကြတယ်လို့ CDF ဘက်ကဆိုပါတယ်။ 

 ဒီတစ်ခါ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးဘက်က အကျအဆုံး ရှိလာနိုင်သလား။ CDF ဘက်ကတော့ ရာသီဥတုကြည်လင်ချိန်ပဲ တိုက်ဖို့ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မြင့်မားပြီး နှင်းထူထပ်နေတဲ့ ချင်းတောင်လိုနေရာမှာ လေကြောင်းကနေတိုက်ဖို့ သိပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ 

CDF ဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကောင်းတွေကို အာခံပြီးတိုက်နေကြရတာပါ။ “ ကျနော်တို့ လက်နက်တော်တော်များများက တူမီးနဲ့ ခါးချိုးတွေကို ကိုင်နေကြရတာပါ။ အဓိကတော့ ကျနော်တို့ရဲ့ သေရဲသတ်ရဲတဲ့ စိတ်အပြင် ‌နယ်မြေကျွမ်းကျင်မှုနဲ့ပဲ တိုးနေကြတာပဲ ” လို့ ဆိုပါတယ်။ 

 မင်းတပ်ဟာ အခြားသောလက်နက်ကိုင်တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ကိုယ့်အားကိုယ်ကိုးပြီး မင်းတပ်ကို ကာကွယ်နေရတာပါ။ အခု မင်းတပ်မှာ ခလရ (၂၇၄) နယ်မြေခံတပ် တစ်ရင်းတည်း မဟုတ်တော့ပါဘူး။ 

ပြည်သူ့ကာကွယ်ရေး(မင်းတပ်)လို အဖွဲ့သေးသေးလေးကို ရင်ဆိုင်ဖို့ စစ်တပ်ဟာ သူ့တပ်ရင်း ခြောက် ရင်းထိ တိုးချထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်က CDF ကို တိုက်လို့ မရသေးပါဘူး။ “ချင်းလူမျိုးတွေက အရင်လိုမဟုတ်တော့ဘူး။ချင်းလူမျိုးတစ်ယောက်သေရင် စစ်ခွေး အယောက်တစ်ရာသေစေရမယ်” လို့ CDF ဘက်က တုန့်ပြန်ထားပါတယ်။ 

အနယ်နယ်အရပ်ရပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ပဲ ကိုယ့်နယ်မြေထိန်းချုပ်မခံရရေး ကြိုးပမ်းနေကြပါတယ်။ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က ပြည်သူတွေကို ဒီသတင်းစကားလေး ပေးလိုက်ပါတယ် “ဒီ ဒီမိုကရေစီက မင်းတပ်တစ်ခုတည်းအတွက် တိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူး။ မင်းတပ်တစ်တပ်ကပဲ ဒါကိုလိုချင်တာ မဟုတ်ဘူးလေ။ အကုန်လုံးက လူညီဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required