အ‌မေရိကန်နိုင်ငံခြားရေးဝန်ကြီး ရှေ့အပတ်ထဲ အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများနှင့် အွန်လိုင်းဆွေး‌နွေးပွဲများ ပြုလုပ်မည်

အ‌မေရိကန်နိုင်ငံခြားရေးဝန်ကြီး ရှေ့အပတ်ထဲ အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများနှင့် အွန်လိုင်းဆွေး‌နွေးပွဲများ ပြုလုပ်မည်

ဩဂုတ် ၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် လာမည့်သီတင်းပတ်အတွင်း အရှေ့တောင်အာရှနိုင်ငံများမှ တာဝန်ရှိသူများနှင့်အကြား အွန်လိုင်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ဇူလိုင် ၃၁ ရက်တွင် ပြောသည်။

ဝါရှင်တန်အနေဖြင့် အရှေ့တောင်အာရှဒေသသည် ယင်း၏ ဦးစားပေးကိစ္စတစ်ခု ဖြစ်ကြောင်း ပြသရန် ကြိုးပမ်းနေသလို မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းရန် လုပ်ဆောင်နေစဉ် ယခုကဲ့သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံများအကြား ဆွေး‌နွေးသွားရန် ရှိနေသည်။

အမေရိကန်ထိပ်တန်းသံတမန်ဖြစ်သည့် နိုင်ငံခြား‌ရေးဝန်ကြီး ဘလင်ကန်သည် အွန်လိုင်း ဆွေးနွေးပွဲများတွင် ငါးရက်ဆက်တိုက် ပါဝင်တက်ရောက်မည်ဖြစ်ပြီး ထိုအစည်းအဝေးများထဲတွင် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီး ၁၀ ဦး၏ နှစ်စဉ်လုပ်ဆောင်နေကျ အစည်းအဝေးများအပြင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်း တို့ ပါဝင်သော မဲခေါင်မြစ်အောက်ပိုင်း ဒေသခွဲ နိုင်ငံများ၏ သီးခြားအစည်းအဝေးများလည်း ပါဝင်မည်ဖြစ်သည်။

“ဒါဟာ ဒီ‌ဒေသအပေါ်မှာ မိမိတို့ရဲ့ ကတိပြုချက်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိက ရိုက်တာကို ပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန် အဆင့်မြင့်အရာရှိများ အာဆီယံ အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခဲ့ခြင်း မရှိသလို ရံဖန်ရံခါဆိုသလို အငယ်တန်းအရာရှိများကိုသာ အဆိုပါ ဒေသ အစည်းအဝေးများသို့ စေလွှတ်ထားခဲ့သည်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် လူဦးရေ သန်း ၆၀၀ ကျော် ရှိသည့် အာဆီယံဒေသထံ အာရုံစိုက်မှု အနည်းငယ်ကို ပြသထားခဲ့ပြီးနောက် ယခု နိုင်ငံခြားရေးဝန်ကြီး၏ အွန်လိုင်း ဆွေးနွေးပွဲများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဤမတိုင်ခင်က အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီ ရှားမန်သည် မေလနှင့် ဇွန်လက အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်း နိုင်ငံတို့ထံ လာရောက်ခဲ့သလို ယခုအပတ်ထဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်သည်လည်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်သို့ လာရောက်ထားခဲ့သည်။ အလားတူ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ် သည်လည်း စင်္ကာပူနှင့် ဗီယက်နမ်သို့ သွားရောက်ရန် ရှိနေသည်။

ယခု လာမည့်အပတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အွန်လိုင်း ဆွေး‌နွေးပွဲများတွင် မြန်မာ အာဏာသိမ်းစစ်အုပ်စုမှ ကိုယ်စားလှယ်များ ပါဝင်လာမည်ဖြစ်သော်လည်း ယင်းသည် စစ်အုပ်စုကို အသိအမှတ်ပြုခြင်းထက် အဆိုပါ စစ်အုပ်စုကို သတင်းစကား ပေးနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးက ပြောသည်။

“မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေ အုပ်စုရဲ့ ဆိုးရွားတဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့ဟာ အာဆီယံကို ကျောခိုင်းဖို့ ပြင်ဆင်သွားမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။ တစ်ဆက်တည်းမှာပင် အမေရိကန် တာဝန်ရှိသူများအနေဖြင့် မြန်မာစစ်အုပ်စုကို ဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်အကြားလည်း ပတ်သက်ဆက်ဆံမှုများ ရှိထားကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly