ပါကစ္စတန်တွင် တရုတ်ထံမှ ဒေါ်လာသန်းချီပေးပြီး ၀ယ်ထားသည့် လက်နက်ကိရိယာများ ကောင်းကောင်း သုံးမရဘဲဖြစ်နေ

By The Singapore Post
30 July 2021
ပါကစ္စတန်တွင် တရုတ်ထံမှ ဒေါ်လာသန်းချီပေးပြီး ၀ယ်ထားသည့် လက်နက်ကိရိယာများ ကောင်းကောင်း သုံးမရဘဲဖြစ်နေ

ပါကစ္စတန်သည် ယင်း၏ မိတ်ဆွေကောင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် တရုတ်၏ သစ္စာဖောက်ခြင်းကို တစ်ဖန် ခံလိုက်ရပြန်ပြီဖြစ်သည်။ အကြောင်းမှာ ပါကစ္စတန်၏ လေကြောင်း ကာကွယ်ရေးပိုင်းတွင် တရုတ်ဆီကနေ ၀ယ်ထားသော ကန်ဒေါ်လာသန်းချီ တန်ဖိုးရှိ လက်နက်ကိရိယာများ ကောင်းကောင်း သုံး၍မရဘဲ ချို့ယွင်းမှုများ ရှိနေသည့် ပြဿနာနှင့် တွေ့ကြုံထားခဲ့ရ၍ ဖြစ်သည်။

ပါကစ္စတန် စစ်တပ် တာ၀န်ရှိသူများသည် တရုတ်ထုတ် လက်နက်စနစ်များတွင် ကြုံတွေ့နေရသည့် ထပ်တလဲလဲ ပေါ်ပေါက်နေသော ပြဿနာများနှင့်ပတ်သက်ပြီး တရုတ်ထံ အသိပေးအကြောင်းကြားထားသော်လည်း တရုတ်သည် လက်ရှိအချိန်အထိ ယင်း “ကောင်းကောင်းဆိုးဆိုး အတူရပ်တည်ခဲ့သည့်” မဟာမိတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရန် နှေးကွေးနေခဲ့ကြောင်း News 19 သတင်းဌာနတွင် ရေးသားနေသည့် ရူဆီရူ ၀ါဒုဂျ်က ပြောသည်။

ဒေါ်လာသန်းချီ ကုန်ကျစရိတ်ဖြင့် ၀ယ်ယူထားခဲ့ရသည့် တရုတ်ထုတ် သယ်ရလွယ်သော လေကြောင်း ကာကွယ်ရေးစနစ်များ၊ အမြှောက် ရော့ကက် စနစ်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးစနစ်များတွင် နည်းပညာနှင့် လည်ပတ်အသုံးပြုမှုဆိုင်ရာ ပျော့ကွက်၊ ဟာကွက်များဖြင့် ပွထနေကြောင်း သိရသည်။

ရလဒ်တစ်ခုအနေဖြင့် လောင်ချာများနှင့် ဒုံးများ နှစ်မျိုးစလုံး အပါအ၀င် ရာပေါင်းများစွာသော လူ သယ်ဆောင်နိုင်သည့် လေကြောင်း ကာကွယ်‌ရေး လက်နက်စနစ် (MANPADs) များသည် အသုံးမပြုနိုင်ဘဲ ချောင်ထိုးထားရသည် ဖြစ်ရာ ပါကစ္စတန်အတွက် ယင်း၏ နယ်စပ်များ၌ လေကြောင်း ကာကွယ်ရေးပိုင်းတွင် ကြီးလေးသော ဟာကွက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း ၀ါဒုဂျ်က ရေးသားသည်။

တရုတ်တွင် ထုတ်လုပ်တည်ဆောက်သည့် FN-16 MANPADS များမှာ ရန်သူ့ ရဟတ်ယာဥ်များ၊ အနိမ့်ပျံ လေယာဥ်များနှင့် မြင်နိုင်သော အနေအထားအောက်ရှိ မောင်းသူမဲ့လေယာဥ်များကဲ့သို့ အနိမ့်ပိုင်း လေကြောင်း ပစ်မှတ်များကို ကြားဖြတ်ဟန့်တားရန် ဒီဇိုင်းထုတ် တည်ဆောက်ထားခြင်း ဖြစ်သည်။

သို့သော် ဤ လက်နက်စနစ် အများစုသည် မြေပြင်မှ ဝေဟစ်ပစ် ညပိုင်း ချိန်ရွယ်မှုနှင့် စစ်မြေပြင် အချက်ပြ စနစ်များအပိုင်းတွင် အပြစ်အနာအဆာ ရှိခြင်းကြောင့် အဟန့်အတား ဖြစ်နေရသည်။ ဤစနစ်များ မရှိပဲဖြင့် MANPADs များမှာ အစွမ်းမဲ့နေသကဲ့သို့ ဖြစ်နေမည်ပင် ဖြစ်သည်။ ယင်းကဲ့သို့သော လက်နက်စနစ် ၈၅၀ အထိ ယခုအခါ လက်တွေ့သုံး၍မရဘဲ ရှိနေကြောင်း စစ်တပ်အရာရှိများက ထုတ်ဖော်ထားသည်ဟု News 19 က ဖော်ပြသည်။

တရုတ်လက်နက်ထုတ်လုပ်သူ Wuhan Infrared Co Ltd သည် အဆိုပါ အပြစ်အနာအဆာရှိ လက်နက်စနစ်များကို မြန်မြန်ဆန်ဆန် လဲလှယ် သို့မဟုတ် ပြုပြင်ပေးရမည့်အစား အဆိုပါ ပြဿနာကို ခွဲခြားရွေးထုတ်ရန် မဟာမိတ် လုပ်ငန်းတစ်ခုဖြစ်သည့် Valiant Technologies ကို တာ၀န်ပေးအပ်နှံခဲ့သည်။ ကြီးမားသည့် နှုန်းထားတစ်ရပ်ဖြင့် တရုတ်ထံမှ ၀ယ်ယူတင်သွင်းထားသည့် QW 18 MANPAD လောင်ချာ ၅၀၀ ကျော်တွင်လည်း အလားတူ ကြီးလေးသည့် ပြဿနာများ ဖိစီးခံနေရကြောင်း သိရသည်။

ဤ လက်နက်စနစ်များသည် လေကြောင်း ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ဖြစ်သည်ဟု နားလည်ရပြီး ယင်းတို့သည် တစ်စက္ကန့်လျင် အမြန်နှုန်း ၆၀၀ မီတာနှင့်အတူ အကွာအဝေး ၆ ကီလိုမီတာနှုန်း ရှိသည်။ ယင်းတို့သည် အီလက်ထရောနစ်နှောင့်ယှက်မှုပိုင်း တားဆီးနိုင်မှု နှင့် ဘက်စုံခြေရာခံနိုင်မှုဆိုင်ရာ မြင့်မားသော လုပ်နိုင်စွမ်းများ ရှိကြောင်း ၀ါဒုဂျ်က ပြောသည်။

ဤ MANPADs များသည် တရုတ်၏ China Precision Machinery Import-Export Corporation (CPMIEC) နှင့်အကြား လက်နက်စနစ် ၁၃၀၀ ရောင်းချရေး သ‌ဘောတူစာချုပ်၏ တစိတ်တပိုင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ဤ လက်နက်စနစ် ၅၀၀ ခန့် ပါကစ္စတန်စစ်တပ်သို့ သွင်းထားခဲ့သည်။ ၂၀၁၉ ဇူလိုင်နောက်ပိုင်း စစ်အခြေစိုက်စခန်း အလုပ်ရုံများ၌ နှစ်နှစ်တစ်ကြိမ် လုပ်‌ဆောင်သည့် ဤလက်နက်စနစ်များ အသုံးပြုနိုင်မှုဆိုင်ရာ စမ်းသပ်မှုအတွင်း အဆိုပါ စနစ်များတွင် အားနည်းချက်နှင့် ပျော့ကွက်များစွာ ရှိနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်တပ်သည် အနည်းဆုံး ဤ လက်နက်စနစ် ၄၇ ခု နှင့်အတူ အခြေစိုက်ထိန်းချုပ်ရေး ယူနစ်တစ်ခု နှင့် လေ့ကျင့်ရေး စက် ကိရိယာတစ်ခုတို့ကို အစားထိုးလဲလှယ်ပေးရန် CPMIEC ထံ တောင်းဆိုထားသည်။

News 19 ၏ ဖော်ပြချက်အရ တရုတ်ကနေ ၀ယ်ထားခဲ့သည့် အတွဲလိုက်ပစ်အမြှောက်စနစ် A100 များ၏ ဇာတ်ကြောင်းသည်လည်း တရုတ်နိုင်ငံပိုင် Aerospace Long-March International Trade Co (ALIT) က ထုတ်လုပ်ထားသည်တို့နှင့် အတော်ပင်တူညီနေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly