တရုတ်ပြည် အလယ်ပိုင်း ကျန်ကျိုးမြို့တွင် ဆိုးရွားသည့် ရေကြီးမှုများကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ပိတ်မိနေပြီး မြို့မှထွက်ခွာပြီးနောက် ရေဘေးသင့်ခံရမှု နည်းပါးသည့် ဒေသများရှိ ဆွေမျိုးများထံ သွားရောက်နေထိုင်ရန် သို့မဟုတ် ကျေးလက်ဒေသရှိ နေအိမ်များသို့ မပြန်နိုင်ကြပေ။
သယ်ယူပို့ဆောင်ရေး ဆိုးရွားစွာ အခက်အခဲ ရှိနေသောကြောင့် မိသားစုများနှင့် ကွဲကွာနေရပြီး မြို့ရေလွှမ်း နေသည့် နေရာများသည် အသက်မွေးဝမ်းကျောင်းမှုနှင့် ဆက်နွယ်နေသဖြင့် ဆက်လက် နေထိုင် ရမည် ဖြစ်သည်။
ရေနှင့် လျှပ်စစ်မီးမရှိဘဲ ရက်ပေါင်းများစွာ နေထိုင်နေရကာ ကျန်ကျိုးမြို့ပတ်ဝန်းကျင်တွင် ရွေ့လျား သွားလာရန် ခက်ခဲနေပြီး အလုပ်ပြန်မဆင်းရမည်ကို စိုးရိမ်ပူပန်နေကြသည်။
ရှန်တုန်ပြည်နယ်မှလာရောက်ပြီး မိသားစုနာမည်ကိုသာ ပြောပြသည့် အသက် ၄၀ အရွယ်ရှိ ဟူသည် ဆောက်လုပ်ရေးလုပ်သားဖြစ်ပြီး ၎င်းသည် ရေကြီးမှုကြောင့် ပိတ်မိနေသူများထဲမှ တစ်ဦးဖြစ်သည်။
သူက စားနပ်ရိက္ခာနှင့် ရေကို ခွဲတမ်းချ စားသောက်နေရပြီး တစ်နေ့လျှင့် တစ်ကြိမ် ခါးလောက်မြင့်ပြီး ရွံ့ရောင်ထနေသည့် ရေကိုဖြတ်သန်းကာ ဖုန်းလိုင်းမိမည့်နေရာကို ရှာဖွေရသည်။
"မွေးရပ်မြေကိုပြန်ဖို့မဖြစ်နိုင်သေးပါဘူး။ ကျွန်တော့်အလုပ်က ဒီမှာပါ" ဟု လမ်းများပေါ်မှ ရေပြန်လည်ကျဆင်းသွားသည့် ပန်းခြံတစ်ခုတွင် ထိုင်လျက် သူက ပြောသည်။
တရုတ်နိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် ကျေးလက်ရွှေ့ပြောင်းအလုပ်သမားများ သန်း ၂၈၀ သည် ပိုမို ကောင်းမွန်သည့် အလုပ်အကိုင်များရှာဖွေရန် ကျန်ကျိုးကဲ့သို့သော မြို့များသို့ အစုလိုက်အပြုံလိုက်
လာရောက်လေ့ရှိပြီး မိသားစုများကို ချန်ထားရစ်ကာ တရုတ်နှစ်သစ်ကူးချိန်အတွက်သာ တစ်နှစ်လျှင် တစ်ကြိမ်သာ အိမ်ပြန်လေ့ရှိသည်။
ရက်အနည်းငယ်အတွင်း တစ်နှစ်စာ မိုးရေပမာဏနှင့်ညီမျှသည့်မိုးရေများကြောင့် ရေကြီးမှုကြုံတွေ့ခဲ့ရသော လူဦးရေ ၁၂ သန်းခန့်ရှိမြို့သည် ယခုသီတင်းပတ်အတွင်း အခြေအနေ ပြန်လည်ပုံမှန်ဖြစ်လာပြီဖြစ်သည်။
ကျန်ကျိုးမြို့တည်ရှိရာ ဟိုင်နန်ပြည်နယ်တွင် ရေကြီးမှုကြောင့် ၅၆ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင် သတင်းမီဒီယာက ဆိုသည်။