ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရန် ၁၀ စင်တီမီတာသာ လိုတာကြောင့် မြစ်ဘေးနားမှနေအိမ်များပြောင်းရွှေ့နေရ

ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရန် ၁၀ စင်တီမီတာသာ လိုတာကြောင့် မြစ်ဘေးနားမှနေအိမ်များပြောင်းရွှေ့နေရ

ဇူလိုင် ၂၉

ပဲခူးမြစ်ရေသည် ဇူလိုင် ၂၉ ရက်နေ့နံနက်ပိုင်းတွင် အလျှင်အမြန်တတ်လာပြီး ပဲခူးမြို့မှ ရပ်ကွက်များရှိနေအိမ်အချို့ရေနှစ်မြုတ်လျှက်ရှိကြောင်းသိရသည်။

မြစ်ရေအတက်ကြမ်းနေပြီး ပဲခူးမြစ်၏ စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာရောက်ရန်  ၁၀ စင်တီမီတာ သာလိုတော့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရသိရသည်။ 

"အခု မြစ်ဘေးက အိမ်တွေတော့ မြုပ်သွားပြီး ရပ်ကွက်ကအိမ်တွေလဲ အချို့မြုပ်နေပြီးဗျ တချို့ကအမျိုးတွေစီ ပြောင်းနေကျတယ် တချို့ကတော့ ဝါးတွေနဲ့ ဆင်လုပ်ပြီးနေနေကျတယ်"ဟု မဇင်းရပ်ကွက်နေပြည်သူတဦးကပြောသည်။ 

ရေနှစ်မြုပ်နေသည့် နေအိမ်များတွင် အစားအသောက်အခက်အခဲနှင့်ကြုံတွေ့နေရပြီး တချို့မိသားစုများတွင် ဖျားနာနေသူများရှိနေကြောင်းသိရသည်။

"ရေကြီးပြီဆို ရွှေစေတီဘုန်းကြီးကျောင်းနဲ့ ရွှေနံသာဘုန်းကြီးကျောင်းမှာ သွားနေနေကျ အခုလဲ အဲ့မှာဘဲနေရမယ်ထင်တယ် အခုက ကိုဗစ်ကာလဆိုတော့ ရောဂါပိုပြန့်မှာ စိုးရိမ်နေရတယ် အကူညီကတော့ စစ်ကောင်စီဘက်ကမလာသေးဘူး လာမှာလဲမဟုတ်ပါဘူးဗျာ ကိုယ်ထူကိုယ်ထဘဲလုပ်ရမှာဘဲ"ဟု ပြည်တော်သားရပ်ကွက်သားတဦးကပြောသည်။ 

ပဲခူးမြစ်ရေတတ်လာခြင်းကြောင့် မဇင်းရပ်ကွက်အနိမ့်ပိုင်း၊ပြည်တော်သာရပ်ကွက်၊အိုးလေးစုရပ်ကွက်၊ကျွန်းသာယာရပ်ကွက်နှင့်ကျောက်ကြီးစုရပ်ကွက်တို့က နေအိမ်၂၀၀ ကျော်ရေနှစ်မြုတ်နေကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly