သြစတြေးလျပညာရှင် ရှောင်တာနဲလ် အကျဉ်းထောင်ထဲ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် ဓာတ်ပုံများ ထွက်ပေါ်

သြစတြေးလျပညာရှင် ရှောင်တာနဲလ် အကျဉ်းထောင်ထဲ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် ဓာတ်ပုံများ ထွက်ပေါ်

ဇူလိုင် ၂၉

အကျဉ်းထောင်များထဲ ထိန်းသိမ်းခံထားရသူများ၊ အချုပ်ကျခံနေကြရသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း အာဏာသိမ်းစစ်ကောင်စီထုတ် သတင်းစာတစ်စောင်က ဖော်ပြခဲ့ရာတွင် အဆိုပါ သတင်း‌ဖော်ပြချက် ဓာတ်ပုံများထဲတွင် ထိန်းသိမ်းခံ သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနဲလ်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ယင်းသည် ထိန်းသိမ်းခံ သြစတြေးလျစီးပွား‌ရေး ပညာရှင် ရှောင်တာနဲလ်ကို မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ခြောက်လအကြာက စစ်တပ်အာဏာသိမ်းခြင်းနှင့်အတူ ၎င်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ ဓာတ်ပုံများကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ပါမောက္ခ ရှောင်တာနဲလ်သည် စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံထားရသည့် မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကာလကြာ အကြံပေးတစ်ဦးလည်း ဖြစ်ခဲ့သူ ဖြစ်သည်။

အဆိုပါ သြစတြေးလျ စီးပွားရေးပညာရှင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ငါးရက်အကြာတွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယင်းနောက် ၎င်းသည် နိုင်ငံ၏ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ချိုးဖောက်သည်ဆိုပြီး စွပ်စွဲခံခဲ့ရသည်။

စစ်ကောင်စီ ထုတ် သတင်းစာတစ်စောင်က ဖော်ပြထားခဲ့သည့် ဓာတ်ပုံနှစ်ပုံထဲတွင် ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင်း အသက် ၅၇ နှစ်အရွယ် ပါမောက္ခ ရှောင်တာနဲလ် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခံနေပုံကို ပြသထားသည်။

ပြီးခဲ့သည့်အပတ်ကလည်း ဆစ်ဒနီ အခြေစိုက် ဇနီးသည် ဟာဗူက သူမ၏ ခင်ပွန်းဖြစ်သူအား ပြန်လွှတ်ပေးရေးအတွက် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များထံ မေတ္တာရပ်ခံထားခဲ့သည်။

သူမအနေဖြင့် ခင်ပွန်းဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိကြောင်း၊ ပြီးခဲ့သည့်အပတ်က သူမနှင့် နောက်ဆုံး ဖုန်းခေါ်ခဲ့စဉ်က ၎င်းသည် အအေးမိ၊ တုပ်ကွေးလက္ခဏာများ ခံစားနေရသည်ဟု သူမအား ပြောခဲ့ကြောင်း ဇနီးဖြစ်သူက ပြောခဲ့သည်။

သြစတြေးလျအစိုးရကလည်း ယခုကဲ့သို့ ပါမောက္ခရှောင်တာနဲလ် ထိန်းသိမ်းခံရခြင်းကို “တစ်ဖက်သတ် မတရား” ထိန်းသိမ်းခံထားရခြင်းအဖြစ် ရှုမြင်ထားပြီး ၎င်းအား ပြန်လွှတ်ပေး‌ရေးအတွက် ထပ်တလဲလဲ တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly