အကျဉ်းသား ၁၀၀၀ နီးပါးကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးကြောင်း စစ်ကောင်စီ ထုတ်ပြန်

အကျဉ်းသား ၁၀၀၀ နီးပါးကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးကြောင်း စစ်ကောင်စီ ထုတ်ပြန်
ဓာတ်ပုံ- (တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဘ်ဆိုက်စာမျက်နှာ)

ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်နဲ့ နေပြည်တော်အချုပ်ထောင်က အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၉၇၀ ဦးကို ဇူလိုင်လ ၂၈ ရက်နေ့မှာ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ့ပေးခဲ့တယ်လို့ စစ်ကောင်စီထုတ် သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။

အကျဉ်းထောင်အတွင်းမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားတာမရှိပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသား ၆၁၀ ဦးကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်အချုပ်ထောင်က ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၃၆၀ ဦးကိုလည်း ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အစီအမံတွေနဲ့ ကျန်းမာရေစောင့်ရှောက်မှုတွေ တိုးမြှင့်ပေးဖို့ အင်းစိန်အကျဉ်းထောင်အတွင်း ပြီးခဲ့ရက်ပိုင်းက ထောင်တွင်းဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် အကျဉ်သားတွေကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အကျုံးဝင်တဲ့သူတွေနဲ့ ဆန္ဒပြုသူတွေအားလုံးကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်ပြီး အင်းစိန်ထောင်တွင်းမှာ လတ်တလော ကာကွယ်ဆေးထိုးဖို့ ဆန္ဒပြုထားသူ ၂၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

“ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးနဲ့ ပတ်သက်လို့ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသားတွေကို ပထမဆုံး စတင်ထိုးနှံ့ပေးတာ ဖြစ်ပါတယ်။ အရင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက မထိုးဖြစ်ခဲ့ဘူး။ အခုလည်း ထောင်တွင်း အကျဉ်းသားတွေ အနေနဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုတော့ မရှိသေးဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကနေ့ ကနဦး ထိုးနှံ့ပေးထာ ဖြစ်ပါတယ်” လို့ အင်းစိန်အကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသား၊ အချုပ်သား စုစုပေါင်း ၉၀၀၀ ကျော်ရှိပြီး အဲဒီအနက် ကာကွယ်ဆေးထိုးဖို့ စာရင်းပေးသူကတော့ ၂၅၀၀ ကျော်ရှိတယ်လို့သိပါတယ်။

အင်းစိန်အကျဉ်းထောင်အတွင်းမှာ ကိုဗစ်ကူးစက်ပြန့်ပွားမှုအခြေအနေ ဆိုးဆိုးဝါးဝါး ကြုံနေရတဲ့အတွက် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် စီစဉ်ပေးဖို့ အကျဉ်းသားတွေက ဇူလိုင်လ ၂၃ ရက်နေ့မှာ ထောင်တွင်းဆန္ဒပြ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly