ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေများစတင်ဝင်ရောက်လာခြင်းကြောင့် ရေကြီးမှာကို ဒေသခံများစိုးရိမ်နေ

ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေများစတင်ဝင်ရောက်လာခြင်းကြောင့် ရေကြီးမှာကို ဒေသခံများစိုးရိမ်နေ

ဇူလိုင် ၂၈

ပဲခူးမြစ်ရေအလျှင်အမြန်တတ်လာခြင်းကြောင့် ယနေ့ဇူလိုင်၂၈ရက်နေ့တွင် ပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေစတင်ဝင်ရောက်နေကြောင်း ဒေသခံများမှပြောသည်။

မြစ်ရေဝင်ရောက်လာသည့် မဇင်းရပ်ကွက်ရှိ အောက်ချိုက်နေရာများ ၊ကျောက်ကြီးစုရပ်ကွက်အနိမ့်ပိုင်းနေရာများကို ဝင်ရောက်လာပြီး အိမ်အောက်ထပ်သည့် ရေနှစ်မြုပ်လျှက်ရှိသည်။ 

"ရေတွေ ညပိုင်းလောက်က စတက်လာတာ တဖြေးဖြေးနဲ့ ဒီအတိုင်းဆက်တတ်မယ်ဆို ရပ်ကွက်တွေထဲ အကုန်ဝင်နိုင်တယ်ဗျ ပဲခူးက တကယ်ရေကြီးပြီဆို တော်တော်များများမြုပ်တာ အခုချိန် COVID-19 ကလဲ ကူးနေတော့ ဘယ်လိုလုပ်ရမလဲမသိပါဘူးဗျာ"ဟု မဇင်းရပ်ကွက်နေပြည်သူတဦးမှပြောသည်။

"အဲ့ဒီနေရာတွေက ရေတတ်ပြီဆို သူတို့နေရာဘဲ အရင်ဝင်တာဗျ အခုက စဝင်လာပြီး အိမ်ခြေက၃၀ကျော်လောက်တော့ရှိတယ် ကယ်ဆယ်ရေးလိုအပ်တဲ့ အခြေနေတော့မဟုတ်သေးဘူးဗျ"ဟု ပရဟိတကူညီလုပ်ကိုင်နေသူတစ်ဦးမှပြောသည်။

 ပဲခူးတွင်ရေကြီးရေလျှံ ဖြစ်ပေါ်လာပါက မဇင်းရပ်ကွက်၊အိုးလေးစုရပ်ကွက်၊ဇိုင်းတောင်ရပ်ကွက်၊ဇိုင်းမြောက်ရပ်ကွက်၊ကျောက်ကြီးစုရပ်ကွက်၊ကျွန်းသာယာရပ်ကွက်တို့တွင် အဓိကဝင်ရောက်လာသည်ဟုသိရသည်။

ဇူလိုင်လ၂၈ရက်နေ့ရက်စွဲဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု့ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သြဂုတ်လအတွင်း စိုးရိမ်ရေအမှတ်အထက်ကျော်လွန်မည့် မြစ်များထဲတွင် ပဲခူးမြစ်သည်လည်းပါဝင်သည်။ ယနေ့နံနက်၆နာရီခွဲ အချိန်က မြစ်ရေတိုင်းတာချက်အရ ပဲခူးမြစ်ရေသည် ၁၀၈စင်တီမီတာတတ်လာပြီး ၈၂၁စင်တီမီတာကိုရောက်ရှိလာကာ ပဲခူးမြစ်၏ စိုးရိမ်ရေမှတ်သည် ၈၈၀စင်တီမီတာဖြစ်ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly