အရေးပေါ်အခြေအနေ ကြေညာမှု သက်တမ်းတိုးမည်မဟုတ်ဟု မလေးရှားအစိုးရ ပြော

အရေးပေါ်အခြေအနေ ကြေညာမှု သက်တမ်းတိုးမည်မဟုတ်ဟု မလေးရှားအစိုးရ ပြော

ဇူလိုင် ၂၇

မလေးရှားအစိုးရအနေနဲ့ နိုင်ငံမှာ အငြင်းပွားဖွယ် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အခြေအနေ ထုတ်ပြန်ချက်တစ်ခုကို သြဂုတ် ၁ ရက်ကို ကျော်လွန်ပြီး သက်တမ်းတိုးသွားဖို့ မရှိကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဇူလိုင် ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ အများပြည်သူတွေအကြား အမျက်ဒေါသထွက်မှုတွေကို ဖြစ်ပေါ်ထားစေခဲ့တဲ့ လများနဲ့ကြာ ဆိုင်းငံ့ထားခဲ့တဲ့ ပါလီမန် အစည်းအဝေးကိုလည်း ဇူလိုင် ၂၆ ရက်မှာ ပြန်လည်ကျင်းပခဲ့ပါတယ်။

အဆိုပါ အရှေ့တောင်အာရှနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်ရဲ့ အကြံပေးမှုနှင့်အတူ ဘုရင်က နိုင်ငံတဝန်း အရေးပေါ် အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယင်းကတော့ အဆိုပါ နိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ကာလအတွင်း ပထမဆုံးသော နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာမှုလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီလို အရေးပေါ် အခြေအနေ ကြေညာမှုကြောင့် အစိုးရကို လုပ်ပိုင်ခွင့်သစ်တွေကို ခွင့်ပြုခဲ့သလို ပါလီမန်ကိုလည်း ဆိုင်းငံ့ထားစေခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဝန်ကြီးချုပ် မူယစ်ဒင်ဘက်က ကပ်‌ရောဂါအကျပ်အတည်းကို အသုံးချပြီး ၎င်းရဲ့ အားနည်းနေတဲ့ ညွှန့်ပေါင်းဖွဲ့မှုကို ပြန်လည် ကျားကန်နိုင်ဖို့နဲ့ အယုံအကြည်မရှိအဆို မဲခွဲမှုတစ်ခုကနေ ရှောင်ကွင်းနိုင်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်သူတွေက စွပ်စွဲခဲ့ကြပါတယ်။

အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတဝန်း လော့ခ်ဒေါင်းချမှတ်ခဲ့ပေမယ့်လည်း ယင်းနိုင်ငံမှာ  အဓိကအားဖြင့် ကူးစက်မှုနှုန်း မြင့်မားတဲ့ ဒယ်လ်တာ ဗိုင်းရပ်စ် မျိုးကွဲကြောင့် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေဟာ ဆိုးရွားနေခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ တစ်သန်းကျော်အထိ ရှိနေကာ သေဆုံးသူ ၈,၀၀၀ ဝန်းကျင် ရှိနေခဲ့ပါတယ်။

အများပြည်သူ အမျက်ဒေါသတွေ ကြီးထွားလာမှုနဲ့ ဘုရင်ရဲ့ ဖိအားပေးမှုတို့ကြောင့် ဝန်ကြီးချုပ် မူယစ်ဒင်ဟာ လာမယ့်လမှာ တရားဝင် ပြီးဆုံးမယ့် အရေးပေါ် အခြေအနေကာလမတိုင်မီမှာပဲ ဥပဒေပြုလွှတ်တော်ကို ငါးရက်တာ ပြန်လည်ခေါ်ယူကျင်းပစေဖို့ သဘောတူခဲ့ရပါတယ်။

ဒါပေမယ့် အဆိုပါ တိုတောင်းတဲ့ ပါလီမန်အစည်းအဝေးကာလဟာ အတုအ‌ယောင်သာဖြစ်ပြီး ဒါဟာ အကျပ်အတည်းတွေ့နေတဲ့ ဝန်ကြီးချုပ်အပေါ် ထောက်ခံမှုပိုင်းအတွက် အမှန်တကယ် စမ်းသပ်မှုတစ်ခု ဖြစ်မှာမဟုတ်ဘူးလို့ အတိုက်အခံတွေက ပြစ်တင်ပြောကြားခဲ့ပါတယ်။

ထိုင်ခုံနေရာ ၂၂၂ ခုရှိတဲ့ အောက်လွှတ်တော်မှာ ဇူလိုင် ၂၆ ရက်က အစည်းအဝေးကျင်းပစဉ် နှာခေါင်းစည်းတွေ တပ်ထားကြတဲ့ လွှတ်တော်အမတ်တွေ စုဝေးတက်ရောက်ခဲ့ကြပြီး မလေးရှား ဥပဒေရေးရာဝန်ကြီး တာကီယက်ဒင် ဟာဆန်က အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ သက်တမ်းတိုးဖို့ကို ပန်ကြားသွားမှာ မဟုတ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly