ဇူလိုင် ၂၇
ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်ဆီ အပူပိုင်းမုန်တိုင်းတစ်ခု ဇူလိုင် ၂၆ ရက်မှာ ဦးတည်ချဉ်းကပ်လာမှုကြောင့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ စီစဉ်သူတွေဟာ လှေလှော်နဲ့ မြှားပစ် အားကစားပွဲစဉ်တွေကို အချိန်ပြောင်းလဲစီစဉ်မှုတွေ လုပ်ဆောင်ထားခဲ့ရပါတယ်။
လေပြင်း တိုက်ခတ်မှုနှုန်း အမြင့်ဆုံး တစ်နာရီ ၁၀၈ ကီလိုမီတာ (၆၇ မိုင်) အထိ ရှိနေတဲ့ အပူပိုင်းမုန်တိုင်း နီပါတက်ခ်ဟာ ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းကို ဇူလိုင် ၂၇ ရက်မှာ ဝင်ရောက်ဖွယ် ရှိနေတယ်လို့ ယင်းနိုင်ငံရဲ့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်း လမ်းကြောင်းဟာ တိုကျို ဧရိယာကနေ ဖူကူရှီးမား အပါအဝင် အရှေ့မြောက်ဘက် ဒေသတွေဆီ ပြောင်းလဲထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် အဆိုပါ မုန်တိုင်းကြောင့် မြို့တော် တိုကျို အပါအဝင် ကျယ်ပြန့်တဲ့ ဧရိယာတစ်ခုကို လွှမ်းခြုံပြီး မိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ လှိုင်းကြီးတာတို့ ဖြစ်နိုင်တယ်လို့ မိုးလေဝသ အေဂျင်စီက သတိပေးထားပါတယ်။
“လက်ရှိ ရာသီဥတု ခန့်မှန်းချက်တွေကြောင့် ဇူလိုင် ၂၇ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြှားပစ်နဲ့ လှေလှော် ပွဲစဉ်တွေကို အချိန်ပြောင်းလဲမှုတွေ လုပ်ထားခဲ့ရပါတယ်” လို့ တိုကျို အိုလံပစ် ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။
“ အဲဒီပွဲစဉ်တွေကလွဲလို့ ခုချိန်ထိတော့ အင်္ဂါနေ့မှာ ကျင်းပဖို့ ရှိတဲ့ အခြား အားကစားပွဲစဉ်တွေကိုတော့ အချိန် ပြောင်းဖို့ အစီအစဉ် မရှိပါဘူး” လို့လည်း ၎င်းတို့က ပြောပါတယ်။
ဒါပေမယ့်လည်း ၎င်းတို့အနေနဲ့ ရာသီဥတု ခန့်မှန်းချက်တွေကို အနီးကပ် စောင့်ကြည့်နေပြီး ဖြစ်လာနိုင်တဲ့ အရေးပေါ်ကိစ္စတွေအတွက် အသင့်ပြင်ထားတယ်လို့ အားကစားပြိုင်ပွဲ စီစဉ်သူတွေက ပြောခဲ့ပါတယ်။
တချိန်တည်းမှာလည်းပဲ ယခုလထဲ လူ ၂၁ ဦး သေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေဆဲဖြစ်တဲ့ မြေပြိုမှုဒဏ် ခံခဲ့ရတဲ့ အပန်းဖြေမြို့ အ-တ-မိ မြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာ မုန်တိုင်းအန္တရာယ်ကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းမှု ညွှန်ကြားချက်တွေထုတ်ထားတယ်လို့ သိရပါတယ်။
မုန်တိုင်းကြောင့် ဇူလိုင် ၂၇ ရက် နေ့ခင်းပိုင်းမှာ ကျည်ဆံရထားတွေအပါအဝင် ရထားပြေးဆွဲမှုတစ်ချို့ကို ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။