နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဇူလိုင် ၂၀၂၁)
(Photo :  : CJ - ဇူလိုင်လ ၂၆ ရက်၊ မုံရွာ-အမြင့်လမ်းဘေးကျေးရွာတရွာမှ စေတနာ့ဝန်ထမ်းလူငယ်များ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်)

 ရန်ကုန်တိုင်းဒေသကြီး

·     တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်တွင် ယမန်နေ့ည သံပုံးတီးချိန် အကြမ်းဖက်စစ်ကောင်စီ တပ်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။‌

·       "ထောင်အပြင် တန်းမရှိ"ကြွေးကြော်သံများဖြင့် ဗကသများအဖွဲ့က လှိုင်သာယာမြို့နယ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

·       သာကေတမြို့နယ်တွင် လူငယ်များ ဦးဆောင်ကာ အခြေခံလူတန်းစား ပြည်သူများကို ယနေ့ ဇူလိုင်လ ၂၆ရက်နေ့က စားသောက်ကုန် ပစ္စည်းများ လိုက်လံဝေငှပြီး ပြည်သူမှ ပြည်သူသို့ ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ထောင်တွင်း တပ်လှန့်သံများကို လျစ်လျူရှုမထားရန် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက နှိုးဆော် လိုက်သည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ယနေ့ ဇူလိုင်လ ၂၆ရက်နေ့က " အကြောက်တရား ပြန်လည်ဦးညွတ်ရမည် " အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၆ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       မန္တလေး၊ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းသည် ဇူလိုင်လ ၂၆ ရက် နံနက်တွင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက် အဆုံးထိတိုက်မည်ဟု ကြွေးကြော် ချီတက်ဆန္ဒပြကြသည်။

·       မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ယနေ့ ဇူလိုင် ၂၆ရက်နေ့က "ခြောက်သာခြောက်မယ် မကြောက်ဘူးကွ " LGBT သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့်အတူ သံဃသမဂ္ဂသပိတ်စစ် ကြောင်းတို့ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၆ရက်နေ့ ညနေပိုင်းက ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       ကလေးမြို့တွင် ယနေ့ ဇူလိုင်လ ၂၆ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လူငယ်များ ဦးဆောင် ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ယနေ့ မုံရွာပင်မသပိတ်စစ်ကြောင်း သည် မုံရွာ မြို့ လယ်ခေါင်အတွင်းရှိ စျေးတစ်ခု၌ စုဝေးကာ သမဂ္ဂလူငယ်ခေါင်းဆောင် တစ်ဦးက မြို့နေလူထုအား မကြောက်တရားဟောပြောပြီး စစ်အာဏာရှင် ဖြုတ်ချရေး သပိတ်မှောက်ခဲ့ကြသည်။

·       စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ယောက်သွားအိုင်ကျေးရွာ၊ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်ဆန်းဝင်းကြည် အသတ်ခံရကြောင်းသိရသည်။

·       ဘုတလင်မြို့နယ် လူငယ်များမှ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး

·       တောင်တွင်းကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့နေအိမ်မှာ ဒီကနေ့မနက် ၄ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

·       ပခုက္ကူမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် Stay Home သတ်မှတ် ထားသော ရပ်ကွက်များရှိ စီးပွားရေးမပြေလည်သော မိသားစုများအတွက် အခြေခံစားသောက် ကုန်များကို ပခုက္ကူရှိ တက်ကြွလူငယ်များမှ ဇူလိုင်လ ၂၆ ရက်တွင် လိုက်လံဝေငှပေးကြသည်။

·       ပခုက္ကူမြို့တွင် ဇူလိုင်လ ၂၆ ရက် နံနက်က ကျောင်သားပြည်သူများသည် စစ်အာဏာရှင်အမြစ်ပြတ် ကျဆုံးရေး အရုဏ်ဦးသပိတ်ဖြင့် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·       မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အနောက်မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထု ပူးပေါင်း ကာ ယနေ့ ဇူလိုင်လ ၂၆ရက်နေ့တွင် အကျဥ်းထောင်တွင်း ကျန်းမာရေး အကူအညီပေးနိုင်ရန် ကမ်းလှမ်းထား သော ICRC ကို ကြိုဆိုကြောင်းဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ များဖြင့် အရုဏ်ဦးသပိတ်ပြုလုပ်ကာ ချီတက်ဆန္ဒဖော်ထုတ်ကြသည်။

·       ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ကျေးရွာများမှ အရပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်အတွက်လက်နက် လုပ်ပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်က ရွာသား ၉ ဦးအားဖမ်းဆီးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

·       သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာတွင် လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၆ရက်နေ့က စစ်အာဏာရှင် ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာတွင် ဇူလိုင်လ ၂၆ ရက် ညနေပိုင်းက စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး မိုးရေထဲချီတက်ဆန္ဒပြခဲ့ကြသည်။

·       ထားဝယ်မြို့တွင် ယနေ့ ဇူလိုင်လ၂၆ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ပင်မစစ်ကြောင်းနှင့် ကျောင်းသား စစ်ကြောင်း တို့ပူးပေါင်းကာ အကြမ်းဖက် စစ်တပ် အလံများအား မီးရှို့ဖျက်စီးကာ အကြမ်းဖက် စစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။

·       သရက်ချောင်းမြို့နယ် ပိန်းတောရွာ လူငယ်များ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြခဲ့သည်။

·       လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၆ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       လောင်းလုံးမြို့နယ် ကျေးလက်ဒေသတွင် ယနေ့ ဇူလိုင်လ ၂၆ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်

·       ကိုဗစ် ၁၉ ကာလအတွင်း ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအားလုံးနီးပါးတွင် စားနပ်ရိက္ခာအကျပ်အတည်းများနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောသည်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ တင့်ကားသယ်ဆောင်လာသည့် သင်္ဘောတစ်စင်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ RPG ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်

·       ရှမ်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့အကြား ဖြစ်ပွားနေသည့်ပဋိပက္ခတွေ၊ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး နှစ်ဘက် တွေ့ဆုံ ဆွေးနွေးကြဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD ကထုတ်ပြန်တိုက်တွန်း လိုက်သည်။

ချင်းပြည်နယ်

·       မင်းတပ်မြို့ အနောက်တောင်ဘက်ရှိ မကွီအိမ်နူးကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်များပူးပေါင်းထားသည် ရဲစခန်းကို ဇူလိုင်လ ၂၄ ရက်နံနက်ပိုင်းတွင် မင်းတပ် CDF တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး အဆိုပါရဲစခန်းမှ တာဝန်ရှိသူဦးဆောင်ကာ CDF များထံ လက်နက်ချလိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော်

·       ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မူဆယ်ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ဝင်ပြိုင်ရောက် ယှဥ်ပြိုင်ခဲ့သော ဦးမော်ထွန်းအောင်ကို လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီးအဖြစ် NUGအစိုးရက ခန့်အပ်ကြောင်း အမိန့်ကြေညာချက်ထုတ်ပြန်သည်။

·       နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်သုံးဦး၏ နောက်ရုံးချိန်း     ကို သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly