ကိုဗစ်-၁၉ ကြောင့် လူပေါင်း သန်းနှင့်ချီ မသေဆုံးကြောင်း အိန္ဒိယ ငြင်းဆို

ကိုဗစ်-၁၉ ကြောင့် လူပေါင်း သန်းနှင့်ချီ မသေဆုံးကြောင်း အိန္ဒိယ ငြင်းဆို

ကိုဗစ်-၁၉ ရောဂါကြောင့် လူပေါင်း သန်းနှင့်ချီ သေဆုံးခဲ့ရသည်ဆိုသော လေ့လာတွေ့ရှိမှုများကို အိန္ဒိယအစိုးရက ဇူလိုင် ၂၂ ရက်တွင် ငြင်းဆိုလိုက်ပြီး ယခင်အကြိမ်များစွာ ထုတ်ပြန်ထားသည့် တရားဝင်ကိန်းဂဏန်း ၄၂၀၀၀၀ ကိုပင် ထပ်မံ အတည်ပြုထားသည်။

သို့သော် ရောဂါဖြစ်ပွားမှု မြင့်မားခဲ့သည့် ဧပြီနှင့် မေလအတွင်းက စာရင်းအချက်အလက်များကို သက်ဆိုင်ရာ ပြည်နယ်များတွင် စုဆောင်းနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Center for Global Development က အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃ ဒသမ ၄ သန်းမှ ၄ ဒသမ ၇ သန်းအထိ ရှိနိုင်ကြောင်းနှင့် အစိုးရ၏ တရားဝင်ကိန်းများထက် ၈ ဆမှ ၁၁ ဆအထိ ပိုများနိုင်ကြောင်း ဇူလိုင်၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းပမာဏသည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး တရားဝင် အရေအတွက် ၄၁၉၀၀၀ ပင်လျှင် အမေရိကန်မှ ၆၁၀၀၀၀၊ ဘရာဇီးမှ ၅၄၅၀၀၀ ဦးသေဆုံးမှုနှင့် နီးကပ်နေသည်။

အမေရိကန်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်သည် အိန္ဒိယ၏ တရားဝင်ကိန်းဂဏန်းအပေါ်တွင် သံသယဖြစ်စေပြီး စာရင်းမှတ်တမ်းကောက်ယူမှု အားနည်းခြင်းနှင့် လူဦးရေ တစ်သန်းလျှင် သေဆုံးမှုနှုန်းများပြားမှုကို ဖော်ပြနေသည်။

သို့သော် သုတေသနအဖွဲ့၏ လေ့လာတွေ့ရှိချက်သည် လူမျိုး၊ တိုင်းရင်းသားအုပ်စု၊ မျိုးနွယ်အလိုက် လူဦးရေ၊ အခြားရောဂါများ ယခင်ကူးစက်ခံရမှုနှင့် အဆိုပါ အုပ်စုမျာအတွင်း ရောဂါခံနိုင်ရည်အား တိုးတက်လာမှုတို့ကို ထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်း အိန္ဒိယအစိုးရက ပြန်လည် ငြင်းဆိုထားသည်။

သေဆုံးမှုအများအပြားကို ကိုရိုနာဗိုင်းရပ်ကြောင့်ဟု ယူဆသတ်မှတ်ခြင်းသည် အချက်အလက်များအပေါ် အခြေမခံဘဲ မှားယွင်းယူဆချက်သာဖြစ်ကြောင်းလည်း အစိုးရက တုံ့ပြန်ထားသည်။

ရောဂါထိတွေ့မှုခြေရာခံခြင်းကို အသေးစိတ်လုပ်ဆောင်ခြင်း၊ စစ်ဆေးမှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်ခြင်းတို့ကြောင့် ကူးစက်မှု အချို့ကို လွဲချော်သွားနိုင်သော်လည်း သေဆုံးသည့်စာရင်းတွင် မမှားနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရများမှပေးသည့် အချက်အလက်များကိုသာ စုစည်းထုတ်ပြန်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများကို စွပ်စွဲထားသော်လည်း အစိုးရအနေဖြင့် ပြည်နယ်များတွင် သေဆုံးမှုစာရင်းကို မှန်ကန်စွာ ကောက်ယူရန် ထပ်ခါတလဲလဲ သတိပေးခဲ့ပြီး ဖြစ်သည်။

ဧပြီနှင့် မေလအတွင်းက ရောဂါဖြစ်ပွားမှု မြင့်တက်ခဲ့သည့် ပြည်နယ်များအား စာရင်းမကျန်အောင် ကောက်ယူရန် အကြံပြုထားပြီး အဆိုပါပြည်နယ်များကလည်း စာရင်းများကို အသစ်ပြုစုခဲ့ကြောင်း အိန္ဒိယအစိုးရက ပြန်လည်တုံ့ပြန်ထားသည်။

ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့သည့် မဟာရက်ရှတာပြည်နယ်တွင် သေဆုံးသူ ၁၅၀၀၀ ဦး၊ ဘီဟာတွင် ၄၀၀၀ နှင့် မဓယာပရာဒေ့ရှ်တွင် ၁၅၀၀ အသီးသီးရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly