အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုဖြင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅ ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီး

အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုဖြင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅ ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီး

အစိုးရအား ဆန့်ကျင်မှုများပါဝင်သည်ဆိုသော ကလေးစာအုပ်များ ထုတ်ဝေမှုဖြင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅ ဦး အား ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သလို နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုများဖြင့် ဖမ်းဆီးခံထားရသည့် အယ်ဒီတာ ၄ ဦးနှင့် ဂျာနယ်လစ်များအတွက် အာမခံလျှောက်ထားမှုကို တရားရုံးတစ်ခုက ပယ်ချခဲ့သည်။

ဟောင်ကောင်တွင် အတိုက်အခံများအား နှိမ်နင်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၅ ဦး မှာ စကားပြောရောဂါကုထုံးဆိုင်ရာ ဟောင်ကောင်အထွေထွေအစည်းအရုံးမှ အဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြသည်။

အသင်းအနေဖြင့် ကလေးစာအုပ် ၃အုပ်ကို ထုတ်ဝေခြင်းဖြင့် အစိုးရကိုဆန့်ကျင်ရန် ရည်ရွယ်ခဲ့ကြောင်း အမျိုးသားလုံခြုံရေးဌာနအကြီးတန်းကြီးကြပ်ရေးမှုးဖြစ်သူ လီကွာဝါက ပြောကြားခဲ့သည်။

အဆိုပါစာအုပ်များတွင် သိုးရွာတစ်ရွာသည် အခြားရွာတစ်ရွာမှ ဝံပုလွေများနှင့် ဆက်ဆံရသည့်အကြောင်းကို တင်ဆက်ထားသည့် ပုံပြင်များဖြစ်သည်။

အသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသောအနှစ်ချုပ်ဇာတ်လမ်းများအရ သိုးများသည် သပိတ်မှောက်ခြင်း သို့မဟုတ် လှေဖြင့်ထွက်ပြေးခြင်းကဲ့သို့သော လုပ်ဆောင်မှုများကိုပြုလုပ်ကြသည်။

၂၀၁၉ ခုနှစ်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများနှင့် ပတ်သက်၍ တရားစွဲခံရပြီးနောက် တက်ကြွလှုပ်ရှားသူ ၁၂ ဦး သည် ဟောင်ကောင်မှ ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းဆီးခဲ့သည်ကို ဇာတ်လမ်းဆင်ထားခြင်းဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

သိုးများနေထိုင်သည့်နေရာကို ရက်စက်ပြီး၊ နေရာကို သိမ်းပိုက်ရန်ကြိုးစားသည့် ဝံပုလွေများက သိုးများကို သတ်ဖြတ်ရန်ကြိုးစားသည့်အကြောင်း ဖော်ပြထားသည့် ပုံပြင်တစ်ပုဒ်လည်းရှိသေးကြောင်း လီက ပြောကြားခဲ့သည်။

နိုင်ငံသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များတောင်းဆိုသည့် ၂၀၁၉ခုနှစ် ဆန္ဒပြပွဲများ ဟောင်ကောင်တွင် လပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး ရဲများနှင့် ဆန္ဒပြသူများအကြား အကြမ်းဖက်မှုများကိုဖြစ်ပွားစေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly